မုံးကိုးမှာ အမျိုးသမီး၁ ဦး လက်နက်ထိမှန်ပြီးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ ဖော်မော်ရွာသစ်က အမျိုးသမီး ၁ ဦး ယမန်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်က လက်နက်ကျည်ထိ ဒဏ်ရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မုံးကိုး ရွာသစ်က ဒေါ်နန်တွဲဆိုတဲ့ ကလေး ၁ ယောက်အမေ အမျိုးသမီး ၁ ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က လက်နက်ကျည် ထိမှန် ဒဏ်ရာရခဲ့ကြောင်း “သူတို့ အဲဒီ ဖော်မော် ရွာသစ်ကနေ ရှောင်ခိုင်းလို့ ပစ္စည်း မေ့ကျန်ခဲ့ ပြီးတော့ ပြန်လှည့်လာချိန် ပစ်တာ ထိသွားတာ။” လို့ အဲဒီ အမျိုးသမီးရဲ့ မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။
တနေကုန်တော့ တိုက်ပွဲ ဖြစ်တာ မရှိပေမယ့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ ကြောင်း “ဟုတ်တယ်။ ၁ ယောက်ထိတယ်။ မုံးကိုး အနီးဝန်းကျင်၊ မန်ဂျေ၊ ဖော်မော်ဘက်က ပြောင်းရွှေ့လာတဲ့ ရွာသစ်မှာနေတဲ့ အမျိုးသမီး ၁ ယောက်ကို လက်နက်ကျည်ထိသွားတာ။ ဗိုက်မှာထိတာ။” လို့ နောက်ထပ် ဒေသခံ ၁ ဦး က ပြောပါတယ်။
မုံးကိုးဒေသမှာတော့ ယမန်နေ့ည မှောင်ရီပျိုးချိန်ကစ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး ဒီမနက်လည်း သေနတ်ပစ်သံတွေကြားနေရတယ်လို့ မုံးကိုး ဒေသ ခံ ၁ ဦးက ပြောပါတယ်။
“တဒုန်းဒုန်း တဒိုင်းဒိုင်းပဲ။ လက်နက် အကြီးအသေး တရုတ်တရက် ပြင်းပြင်းထန်ထန် ပစ်လိုက်သံကြားတယ်။ ည ၈ နာရီ ခွဲ ဝန်းကျင်က ပြန်ပြင်းထန်လာတာ ည ၁၀ နာရီခွဲ ဝန်းကျင်ထိလည်း တချက် တချက် ကြားနေရတယ်။ ဒီ မနက်စောပိုင်း ၇ နာရီ လောက်ကစ ပစ်နေပြီ” လို့ သူက ပြောပါတယ်။
မုံးကိုးမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းအတွင်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် လက်နက်ကြီးကျည်ထိမှန် သေဆုံးသူ ၄ ဦး၊ မိုင်းနင်းမိ သေဆုံးသူ ၁ ဦး၊ ပြောင်ဖူးခြံမှာ ပစ်သတ်ခံရသူ အမျိုးသား ၁ ဦး၊ လက်နက်ကျည်စ ထိမှန် ဒဏ်ရာရသူ ၂ နှစ် ဝန်းကျင် ကလေးငယ် အပါအဝင် ၇ ဦးနဲ့ အထက်ရှိပြီ ဖြစ်ပါတယ်။
Bum Shep