သတင်း

မုံးပေါ်ဒေသတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်‌နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ဝိန်းဆိုင်ကျေးရွာအုပ်စု ဆမာ၊ ဟူဘန်၊ လွယ်ကန်ရွာ တကြောတွင် ယနေ့တွင်လည်း စစ်ကောင်စီ နှင့် KIA တပ်ရင်း ၃၆ တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်ကစ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကာ လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း “ခု ပစ်နေတယ် ၁ နာရီ ကနေ လက်နက်အသေး၊ အကြီးနဲ့ မနေ့က ပစ်တဲ့ နေရာပဲ။ ဆက်တိုက် ပစ်နေတယ်။ မိုင်ဖန်ကနေလည်း လက်နက်ကြီး ပစ်ကူနေတာ။ ၄ ချက် ရှိပြီ။” ဟု မုံးပေါ် ဒေသခံ ၁ ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသောနေရာတွင် စစ်ကောင်စီ တပ်မ ၇၇ အင်အား ၁၀၀ ခန့်မှာ ဇန်နဝါရီ ၁၃ ရက်နေ့ခန့် ကစ ကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ထိတိုင် ပိတ်မိနေတာကြောင့် မိုင်ဖန်ဘက်က စစ်ကူ အင်အား ဖြည့်လာ‌ပြီး မိုင်ဖန် နဲ့ ၁၀၅ မိုင် ‌တို့ဘက်က လက်နက်ကြီးပစ်ကူကာ တိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေဖြစ်သည်ဟု ရှေ့တန်း သတင်း ရင်းမြစ်တစ်ခုအရ သိရသည်။

ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့‌များတွင် နောင်ဟဲန့်၊ လွယ်ဆာရှာတို့ဘက် စစ်ကောင်စီနှင့်ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်၊ ၁၄ ရက် နှင့် ၁၅ ရက်များတွင် ဆမာနဲ့ ဟူဘန် ရွာဝန်းကျင် တကြော စစ်ကောင်စီ နှင့် KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ တို့ အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေခြင်းဖြစ်သည်။

၎င်း တိုက်ပွဲများကြောင့် နောင်ဟဲန့်၊ လွယ်ဆာ၊ လွယ်ကန်၊ ဟူဘန်၊ ဆမာတို့မှ ဒေသခံများ  ၃၀၀ ကျော် ဝိန်းဆိုင်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်မြေပြင်နှင့်နီးသော ဟူနားရွာခံတွေလည်း မုံးပေါ် မနောကွင်းတွင် ယာယီ ရှောင်တိမ်းနေကြောင်း သိရသည်။

တိုက်ပွဲကြားက ဝိန်းဆိုင်ရွာဘက် ထွက်ပြေး ခိုလှုံလာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်မှာ မည်သည့် အသုံးအဆောင်ပစ္စည်းမှ ပါမလာသောကြောင့် တကိုယ်ရေသုံးပစ္စည်းများ လိုအပ်နေသလို ရက်ကြာလာပါက စားနပ်ရိက္ခာ အခက်အခဲ ဖြစ်လာနိုင်ကြောင်း အကူအညီပေးနေသူ ၁ ဦးက ပြောပါတယ်။

Show More

Related Articles

Back to top button