သတင်း

အသံတိတ်သပိတ်ပါဝင်မည့်သူများကို အရေးယူရန် မြစ်ကြီးနားမြို့နယ် ထွေအုပ်နှင့် ရဲများ ပြင်ဆင်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ် (Silent Strike) တွင် ပါဝင်သူများကို အရေးယူရန် မြို့နယ်ထွေအုပ်နှင့် ရဲတပ်ဖွဲ့က ကြိုးစားနေသည်ဟု သိရသည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တနိုင်ငံလုံး အသံတိတ်သပိတ်ပါဝင်ဆင်နွဲကြရန်အတွက် ပြည်သူများ ပြင်ဆင်နေချိန်တွင် စစ်ကောင်စီအောက် အုပ်ချုပ်ရေးဌာနကလည်း ၎င်းကို တန်ပြန်သည့်အနေဖြင့် အဆိုပါလှုပ်ရှားမှုတွင်ပါဝင်ပါက အရေးယူမည်ဟု လက်ကမ်းစာစောင်များ ထုတ်ဝေရန် ပြင်ဆင်နေသည်ဟု သိရသည်။

အသံတိတ် သပိတ်ဆင်နွဲရမည့်နေ့တွင် စျေးဆိုင်များအားလုံး ဖွင့်ထားရန်စစ်ကောင်စီ မှ ညွန်ကြားထားသောကြောင့် အခက်အခဲကြုံနေရကြောင်း မြစ်ကြီးနားမြို့ မှ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“အရင်တော့ ဆိုင်ပိတ်ရမယ်ဆိုရင်သူများလည်းပိတ်တယ်။ ဆိုတော့ကိုယ်လည်းပိတ်ခဲ့ရတာပေါ့ ဘာမှလည်း ပြသာနာမရှိခဲ့ဘူးလေ။ အခုက တစ်ဖက်က အသံတိတ်သပိတ်ပါဝင်ဖို့ပြောတယ် စစ်ကောင်စီကလည်း အဲ့နေ့မှာ ဆိုင်မဖွင့်ရင်အရေးယူခံရမယ်ဆိုတော့ ဘာလုပ်ရမှန်းမသိတော့ ဘူး သို့ပေမယ့် စစ်ကောင်စီအနေနဲ့ လူတစ်ဦးရဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်ကိုတော့ မခြိမ်းခြောက်သင့် ဘူး။ မကြိုက်တဲ့လူကတော့ပိတ်မှာပဲလေ။ ကိုယ်က မကြိုက်လို့ ဆိုင်ပိတ်လိုက်တာ ဒါက ရာဇဝတ်မှု မဟုတ်ဘူးလေ” ဟု ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သောပြည်သူများကို နည်းအမျိုးမျိုးဖြင့် အရေးယူနိုင်မည့် အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ထောင် ဒဏ် ၁၀ နှစ် ၊ နိုင်ငံတော်အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က ထောင်ဒဏ် နှစ် ၂၀၊ တပ်မတော်ကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅-ကနှင့် အီလက်ထရောနစ်ဆက်သွယ်ဆောင် ရွက်ရေးဉပဒေပုဒ်မ ၃၃(က) တို့အတွက် ထောင်ဒဏ် ၃ နှစ်တိတိ ချမှတ်နိုင်သည့်ဉပဒေများကို ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းသည်ကို မလိုလားကြောင်း အသံတိတ်သပိတ်ကို ယခင်ကလည်း ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ နေရာအများစု ပါဝင်ခဲ့ကြသည်။

Show More

Related Articles

Back to top button