တိုက်ပွဲသတင်း

ကချင်ပြည်နယ်သို့ စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ယာဉ်တန်းကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းနယ်စပ်မှ ကချင်ပြည်နယ်သို့ ရက်ပိုင်းအတွင်း စစ်ရိက္ခာသယ်ဆောင်လာသော စစ်ကောင်စီတပ် စစ်ကား ၅၀ ကျော်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA နှင့် PDF တို့မှ လမ်းတစ်လျှောက်တွင် မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီတပ် စစ်ရိက္ခာသယ်ကားများ ဝင်ရောက်လာသောကြောင့် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပင်ဝယ်အနီးတဝိုက်တွင် တစ်ကြိမ်၊ မှော်လူးနှင့် နန့်စီးအောင်ကြားတွင်တစ်ကြိမ်နှင့် မိုညှင်းမြို့နယ် ညောင်ကုန်းကျေးရွာအနီးတွင် တစ်ကြိမ်စသဖြင့် ယမန်နေ့ တစ်ရက်အတွင်း ၃ နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့နောက် ယနေ့ ဇန်နဝါရီလ ၂၈ရက် ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်ခန့်ကလည်း အဆိုပါ စစ်ယာဉ်တန်းသည် မိုးညှင်းမြို့နယ် ဟိုပင်မြို့ အထွက် ၅ မိုင်နှင့်ကြာကြီးကွင်း ကြားရှိတံတားတစ်ခုတွင် ထပ်မံမိုင်းဆွဲ တိုက်ခံရသည်ဟု ကြာကြီးကျေးရွာ ဒေသခံတစ်ဦးက KNG  သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“ဖြစ်ပွားတဲ့ အခြေအနေက အကြီးအကျယ်တိုက်ပွဲ ဖြစ်ပွားသွားမျိုးတော့မဟုတ်ဘူး။ ၅မိုင်နဲ့ ကြာကြီးကွင်းကြားမှာရှိတဲ့ တံတား အနီးမှာ မိုင်းပေါက်ကွဲလာတယ်လို့ကြားတယ်။ စစ်ကောင်စီစစ်သားတွေက အရှေ့အနောက် လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ပြီးရင် ခရီးသည်တွေအားလုံးကိုလည်း ရပ်ထားခိုင်းတယ်။ နာရီဝက်လောက်ဆို ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ အဲ့လောက်ဘဲ သိရတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို KIA နှင့် PDF အဖွဲ့က တိုက်ခိုက်မှုကြောင့် မန္တလေး- မြစ်ကြီးနား ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့နံနက်ပိုင်းအထိ တိုက်ခိုက်မှု ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရသေးပါ။

အဆိုပါ စစ်ကားများကကို မြစ်ကြီးနားမြို့နယ်အထိ သယ်ယူနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မိုးညှင်းမှ မြစ်ကြီးနားမြို့နယ်အထိ လမ်းတစ်လျောက် လုံခြုံရေးများတင်းကြပ်ထားကာ ခရီးသည်များကိုလည်း စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည်ဟု မိုးညှင်းမြို့မှ မြစ်ကြီးနားသို့သွားသည့် ခရီးသည်တစ်ဦးထံမှ သိရသည်။

“မိုးညှင်းကနေ မြစ်ကြီးနားဘက်အထိ တစ်လမ်းလုံးဘဲ နေရာတိုင်းမှာ လုံခြုံရေးယူထားတယ်။ တွေ့ရသလောက်က တစ်နေရာမှာ ၅ယောက်၊ ၇ယောက်မြင်ရတယ်။ တင့်ကားတွေလည်းပါတယ်။ ရိက္ခာသယ်တဲ့စစ်ကားက ၁၀ စီးလောက်ဘဲမြင်လိုက်ရတယ်။ အဲ့မှာက ရဲကားတွေလည်းပါတယ်။ စစ်သားတွေလည်းကြည့်နေတော့ သေချာလည်းမကြည့်ရဲလို့ မြင်လိုက်ရတာဘဲ။”ဟု ပြောဆိုသည်။

မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ် စစ်ယာဉ်တန်းအဖွဲ့ကို KIA နှင့် PDF အဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်နေသည်မှာ မှန်ကန်ကြောင်းနှင့် ထိခိုက်မှုကို သေးစိတ်မသိရဘူးဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG သတင်းဌာကို အတည်ပြုပြောဆိုခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် ယခုလဆန်းပိုင်းအတွင်းမှ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ယခင်ကထက် စစ်အင်အားတိုးချဲ့မှုပိုမိုများပြားလာပြီး လေကြောင်းလိုင်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် ကသာမြို့နယ်ရှိ ကျေးရွာတစ်ချို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်းနေရကြောင်း သိရသည်။

Show More

Related Articles

Back to top button