လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကလေးမြို့ တိုက်ပွဲတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးနည်းပညာ တက္ကသိုလ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း ကလေး PDF နှင့် နီးစပ်သူများထံမှ သိရသည်။
“တိုက်ပွဲကတော့ တစ်နာရီလောက်ကြာတယ် နှစ်ဘက်ပစ်ကြတာ စစ်ကောင်စီဘက်ကတော့ အင်အားတစ်ရာ လောက်ရှိမယ် ပြီးတော့ လက်နက်ချင်းလည်းမမျှဘူးလေ သူတို့ဘက် လက်နက်ကြီးတွေနဲ့ပစ်တာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တော်လှန်ရေးရဲဘော်နှစ်ယောက်အသက်ပေးလိုက်ရတယ်။ ကလေး PDF တပ်ရင်း ၂ အနေနဲ့ အရင်ကတိုက်ပွဲတွေမှာ ကျဆုံးတာမရှိပါဘူး” ဟု ကလေး PDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦး က ပြောသည်။
အဆိုပါ တိုက်ပွဲသည် ဖေဖော်ဝါရီလ ၂ ရက် နေ့လည် ၁၂နာရီဝန်းကျင်တွင် ကလေးမြို့တောင်ဘက်သို့ စစ်ကားငါးစီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တို့ နည်းပညာတက္ကသိုလ်အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ကလေးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြားနှစ်ဘက် တိုက်ပွဲဖြစ်ပွားမှု ယခင်ကလည်း မကြာခဏရှိခဲ့ပြီး ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြားတပ်ရင်းများမှ တပ်ဖွဲ့ဝင်များအကျအဆုံးရှိခဲ့သော်လည်း တပ်ရင်း ၂ အနေဖြင့် ပထမဦးဆုံး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း ကလေးမြို့အနီး၌ စစ်ကောင်စီတပ်နှင့် ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အကျအဆုံးရှိနိုင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်နေ့ထက်တစ်နေ့ စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းလာသည်နှင့်အမျှနေ့စဉ် မြို့နယ်အချို့တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
ကလေးမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားများသည် ကလေးမြို့နယ်၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာ(၅)ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ‌ဒေသခံများအမြောက်အများ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။
သို့သော် စစ်ကောင်စီတပ်၏ အင်တာနက်ဖြတ်တောက်ထားမူကြောင့် စစ်ရှောင်စာရင်း ကောက်ယူရန်မှာ ခက်ခဲနေဆဲဖြစ်သည်။
Photo- crd
Show More

Related Articles

Back to top button