သတင်း

ဖားကန့်မြေပြိုမှုတွင် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များကို အကပ်မခံ၊ အလောင်းဆယ်လောင်းကျော်တွေ့ဟု သိရ

ဖားကန့် မြေစာပုံပြိုကျမှုတွင် အလောင်း ၁၀ လောင်းကျော်တွေ့ထားသော်လည်း ကုမ္ပဏီဘက်မှ ကယ်ဆယ်ရေးလုပ်သူများကို အကပ်မခံကြောင်း သိရသည်။

ဖားကန့်မြို့ ဖားပြင်ရွာနှင့် မမုံရွာနောက်ကြောရှိ YTTနှင့် သံလွင်ဧရာကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်နေရာတွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ည ၉ နာရီအချိန်ခန့်က မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဥ်တွင် ရေမဆေးသမား ၄၀ ဦးထက်မနည်း ပါသွားကြောင်းသိရသည်။ ထိုအနက် အလောင်း ဆယ်လောင်းကျော်တွေ့ရှိထားသော်လည်း ရှာဖွေကယ် ဆယ်ရေးလုပ်သူများကို အကပ်မခံကြောင်း ဖားကန့်ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”ရှာဖွေကယ်ဆယ်ရေးက လောလောဆယ် အကပ်မခံဘူးသိရတယ်။ အလောင်းကလည်း လောလောဆယ် ဆယ်လောင်းကျော် လောက်တွေ့တယ်လို့ပြောတယ်။ ရကုမ္ပဏီက အကပ်မခံတာပေါ့ လောလောဆယ် သူတို့ဟာနဲ့သူတို့ပဲလုပ်နေတယ်လို့သိရတယ်။ အပြင်က လူမှုကူညီရေးအဖွဲ့တွေကိုအကပ်မခံဘူးလို့ကြား တယ်ပြောချင်တာက အရင်က စစ်ကောင်စီလက်ထက် အာဏာရှင်စနစ်တုန်းကလုပ်ထုံး လုပ်နည်းအတိုင်းလုပ်နေတယ်လို့သိရတယ်”ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ယနေ့ နံနက် ၉နာရီအချိန်အထိ ရုပ်လောင်း ၁၅ လောင်းခန့်တွေ့ရှိခဲ့ကြောင်း ကုမ္ပဏီနှင့် ရင်းနှီးသူများထံမှ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

မြေစာပုံပြိုကျမှုတွင် ရေမဆေးရှာဖွေသူ ဆယ်ဂဏန်းခန့်ပါသွားသည့်အပြင် ကုမ္ပဏီ၏ ဘက်ဟိုး ၃ စီးနှင့် မြေသယ်ကားလေးစီးလည်း မြေစာပုံပိသွားကြောင်း သိရသည်။

ယခုမြေစာပုံပြိုကျသည့်နေရာတွင်အနီးတွင် ယခင်ကလည်းမြေစာပြိုကျမှုဖြစ်ပွားခဲ့ဖူးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

”ဘက်ဟိုး သုံးစီးနှင့် မြေစာပစ်တဲ့ ကား ၄ စီးပါသွားတယ်ဆိုတော့ အဲဝန်းကျင်ကတော့ပါမှာ ဘက်ဟိုးတစ်စီးဘေးမှာ ရေမဆေးလိုက်ရှာတဲ့လူက ကုမ္ပဏီဝန်ထမ်းကိုမှ ၁၂ ယောက်ပါတာတဲ့ အဲ့ဒီမှာကို ၃၆ ယောက်က ရှိနေပြီ ပြီးရင် မြေစာပစ်တဲ့ကားကလည်း အလံပြတဲ့လူနဲ့ ကြီးကြပ်တဲ့လူနဲ့ပါတာဆိုတော့ လူဦးရေငါးဆယ်လောက်ပါတယ် ဒါပေမယ့် အခုဟာကအဝင်မခံဘူးတဲ့ အ့ဘက်တွေကို အ့ဘက်ကလမ်းတွေကော ပိတ်ထားတယ်ဆိုတော့ ကျွန်တော်တို့ဆီကိုလည်းလာခဲ့ပါအုံးကူပေးပါအုံးလို့ခေါ်တဲ့လူတစ်ယောက်မှမရှိဘူး” ဟု လူရှာကယ်ဆယ်ရေးလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်ဒေသတွင်ယခုကဲ့သို့မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ သေဆုံးမှုမကြာခဏဖြစ်ပွားလျက်ရှိပြီး ပုံမှန်အားဖြင့် ကုပ္မဏီဝန်ထမ်းတစ်ဦး သေဆုံးပါက ကုပ္မဏီက သေဆုံးသူ၏ကျန်ရစ်မိသားစုကိုငွေကြေးပေးလျော်ရသည်။

ယခုမြေစာပုံပြိုကျသည့်နေရာတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button