သတင်း

မူဆယ် ဖုန်းဆိုင် ၁ ဆိုင်မှာ ကျပ်သိန်း ၁၀၀၀ ကျော်တန် ရွှေနှင့်အခြားပစ္စည်းများ ဓားပြတိုက် ခံရ

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ ဖုန်းဆိုင် ၁ ဆိုင်မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ပါဂျေရိုကားနဲ့ လူ ၅ ဦး ရောက်လာပြီး ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ကျော်ရှိတဲ့ ရွှေ၊ ငွေ နဲ့ ဖုန်း လုယက် ဓားပြတိုက်သွားတယ်လို့ ခံရသူ မိသားစုဝင် ၁ ဦး က ပြောပါတယ်။

“တခါထဲ သူတို့က ကားနဲ့ လာကြတယ်။ ပြီးတော့ ရှေ့နောက် အရင်လာကြည့်တယ်။ တော်တော်ကြာ ကြည့်တယ်။ ပြီးမှ တခါထဲ ဝင်လာပြီးတော့ တံခါးကို စောင့်ပိတ်လိုက်တယ်။ ကျွန်မတို့ အားလုံးကို သေနတ်နတ်နဲ့ ချိန်ပြီး ပိုက်ဆံ တောင်းတယ်။ ၁ ယောက်ကတော့ သေနတ် အရှည်ကိုင်တယ်။ ၁ ယောက်ကတော့ ပစ္စတို ကိုင်တယ်။ ဦးထုပ်လည်း ဆောင်းထားတယ်။ အရပ်သားလို ဖြစ်ပြီးတော့ သေနတ်လည်း ပါထားတယ်။ ၅ ယောက် ဟုတ်တယ်။ ၁ ယောက်က ကားထဲမှာပဲ ထိုင်နေတယ်။” လို့ သူက KNG ကို ပြောပါတယ်။

ဆိုင်က နှစ်ခန်းတွဲ တံခါးပေါက် ၂ ပေါက်ပါတဲ့ ဆိုင်ခန်းကြီး ဖြစ်ပြီး ဆိုင်မှာရှိနေတဲ့ ယောက်ျားလေးတွေကို လည်ပင်းညှစ်ထားပြီး မိန်းကလေးတွေကိုတော့ သေနတ်နဲ့ ချိန်ထားခဲ့တယ်လို့ သိရပါတယ်။

သေနတ်ထောက်ပြီး ပိုက်ဆံ ထုတ်ပေးဖို့ ခြိမ်းခြောက်အော်ပြောတာကြောင့် တရုတ်ငွေ ၆ သောင်းကျော် ထုတ်ပေးလိုက်ပေမယ့် ဓားပြတိုက်တဲ့ လူတွေက ဆိုင်ခန်းမှာ ရှိတဲ့ လူတွေ အားလုံးကို အခန်း ၁ ခန်းထဲပိတ်လှောင် ထားပြီး တအိမ်လုံး မွှေနှောက်ရှာဖွေကာ ရှိသမျှ ပစ္စည်းအကုန်လုံး ယူဆောင်သွားတယ်လို့ ကာယကံရှင် အမျိုးသမီး တဦးက KNG ကို ပြောပါတယ်။

“သမီးရဲ့ ပိုက်ဆံလည်း တရုတ်ငွေ ၂ သိန်း ယူသွားတယ်။ အဲဒီနောက် အိမ်ထဲက အခန်းထဲမှာ ကျွန်မတို့ အားလုံးကို ပိတ်လှောင်ထားပြီးတော့ ရွှေတွေလည်း အားလုံး ယူသွားတယ်။ အားလုံးဆိုရင် တရုတ်ငွေ ၃ သိန်း ကျော်တယ်။ တရုတ်ငွေ ပြန်လဲလိုက်မယ်ဆိုရင် တရုတ်ငွေရော မြန်မာငွေရော ကာလပေါက်ဈေးနဲ့ သိန်း ၁၀၀၀ ကျော်လောက် ပါသွားတယ်။ ဆွဲကြိုးက ၃ ကျပ်သားကျော်၊ လက်ကောက် ၂ ကျပ်သားကျော် ဆိုတော့ ရွှေ အားလုံး ၅ ကျပ်သားကျော် ပါသွားတယ်။” လို့ သူက ရှင်းပြပါတယ်။

မူဆယ်မြို့တွင် ခိုးဆိုးလုနှိုက် ဓားပြတိုက်မှု ပုံမှန်ရှိနေပြီး ပြည်သူတွေအနေနဲ့ လုံးဝ လုံခြုံမှုမရှိပဲ တိုင်တန်းရင်လည်း တခါမှ တရားခံမိတာမျိုး မရှိဖူးဘူးလို့ ဆိုပါတယ်။ မြို့တွင်း အုပ်စုလိုက် ဓားပြတိုက်တာမျိုး၊ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်၊ ကားတွေက အစ လုယက်မှုမျိုးလည်းဆက်တိုက် ကြားနေရတယ်လို့ သိရပါတယ်။

“အခုက မူဆယ်မှာ အရမ်းကြောက်ရတယ်။ စစ်သားတွေ ကြီးပဲ။ ပြည်သူ့စစ်တွေလည်း အများကြီးပဲ။ မရှိရင် လုယက်၊ ဓားပြ တိုက်စားနေကြတယ်။ ဘာမှန်းတောင် မသိတော့ဘူး။ တချို့က မူးယစ်ဆေးဝါး ဘိန်းစား ဓားပြတိုက်တယ်။ တချို့က လက်နက်ကိုင်ပြီး ဓားပြတိုက်စားတယ်။ တိုင်ဖို့ နေရာလည်း မရှိဘူးဖြစ်နေတာ။ လူလည်း မမှတ်မိဘူး။ ခုက ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ ရဲစခန်းတိုင်ဖို့လည်း ဘာမှ အဆင်ပြေတာမဟုတ်ဘူး။” လို့ အမည်မဖော်လိုသူ မြို့ ခံ တဦးက ပြောပါတယ်။

မူဆယ်မြို့မှာ ရပ်ကွက်အလိုက် မီးသတ်တွေနဲ့ ရပ်ကွက်က လူတွေ ပူးပေါင်းပြီး အလှည့်ကျ လုံခြုံရေး လှည့်ပတ် ကြည့်ရှုတာမျိုး လုပ်ပေမယ့် အုပ်စုဖွဲ့ပြီး လက်နက်ကိုင်ဆောင်ကာ ဓါးပြတိုက်တဲ့အဖွဲ့အများအပြားရှိနေတာကြောင့် ထိန်းသိမ်းလို့ မနိုင်ကြောင်း အဲဒီလို လုံခြုံရေးမှာ ပါဝင်လုပ်ဆောင်နေသူ မြို့ခံ အမျိုးသား ၁ ဦးဆီက သိရပါတယ်။

Show More

Related Articles

Back to top button