ရွေးကောက်ပွဲဆိုင်ရာသတင်း

မြစ်ကြီးနားနှင့်ဝိုင်းမော်တွင် လူဦးရေစာရင်းစတင်‌ကောက်နေ၊ ရွေးကောက်ပွဲအတွက် အကျုံးဝင်မည်ဟုသိရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းတွင် စစ်ကောင်စီက လူဦးရေစာရင်းများစတင်ကောက်နေပြီး ကောက်ခံရရှိသည့် လူဦးရေစာရင်းသည် စစ်ကောင်စီပြုလုပ်မည့်ရွေး ကောက်ပွဲအတွက်လည်း အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။

လူဦးရေစာရင်းများကို မြစ်ကြီးနားနှင့်ဝိုင်းမော် မြို့နယ်အတွင်း မတ်လ ၇ ရက်နေ့နောက်ပိုင်းစတင်ကောက် ခံနေပြီဖြစ်ပြီး စစ်ကောင်စီခန့်အပ်သည့် သက်ဆိုင်ရာရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများမှကွင်းဆင်းကောက်ခံပေးနေကြောင်း မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးမှသိရသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တိုက်နယ် လဝကမှူးတွေ ဆယ်အိမ်မှူး ရာအိမ်မှူးတွေနဲ့ ကျွန်တော်တို့က မြေပြင်ကို ကွင်းဆင်းပြီး စစ်ဆေးကောက်ယူနေတာပါ။ဒီကောက်ခံရရှိတဲ့လူဦးရေစာရင်းက ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ရွေးကောက်ပွဲအတွက် လိုအပ်တဲ့မဲထည့်ရမယ်ဆိုရင်လည်း မဲထည့်ရမယ့်သူက မှတ်ပုံတင်မရှိရင် မှတ်ပုံတင်မရှိတာမဖြစ်စေဖို့ဖြစ်ပါအတွက်လည်းဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီက လူဦးရေစာရင်းများကောက်ခံရာတွင် အမည်၊ အသက်၊ ကျား/မ လိင်အမျိုးအစား၊ မှတ်ပုံတင်နံပတ်၊ အဘအမည်၊ အမိအမည်၊ လူမျိုး၊ တော်စပ်ပုံ၊ မသန်မစွမ်းရှိပါက မသန်မစွမ်းအမျိုးအ စား၊ မိသားစုတစ်စုမှ ရပ်ဝေးရောက်ရှိနေသည့်သူရှိပါက၎င်း ရောက်ရှိနေသည့် နေရာ နှင့်နေရပ်လိပ်စာများကို စစ်ဆေးကောက်ယူနေကြောင်း သိရသည်။

“ကျွန်မတို့ဘက်မှာကတော့ လာကောက်ပြီးသွားပြီ လာကောက်တာ သိပ်မကြာသေးဘူး တစ်လလောက် တောင်မကြာသေးဘူး။သူတို့ကတော့ အိမ်မှာလူဘယ်နယောက်ရှိလဲ၊ ပြီးတော့ ခရီးထွက် သွားတဲ့လူရှိရင် လည်း အရမ်းဝေးလား နီးလားဆိုပြီးတော့ မေးမြန်းပြီးကောက်တယ်” ဟု ဝိုင်းမော်မြို့အမှတ် (၂) ရပ်ကွက် နေသူအမျိုးသမီးတစ်ဦးကပြောသည်။

ဒေသခံများ၏ သုံးသပ်ချက်အရ ယင်းကဲ့သို့လူဦးရေစာရင်း လိုက်လံကောက်နေခြင်းသည် စစ်ကောင်စီမှ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲအတွက် ခြေလှမ်းသစ်စတင်နေခြင်းဖြစ်ကြောင်း မြစ်ကြီးမြို့မှ ဒေသခံတစ်ဦးကဆိုသည်။

”သူတို့ပြောတာကတော့ သူတို့ဆီမှာရှိနေတဲ့ စာရင်းနဲ့လက်ရှိမြေပြင်မှာ ရှိတဲ့လူဦးရေစာရင်းကို တိုက်ဆိုင်စစ် ဆေးတာလို့ပြောတာတွေရှိတယ် ဘယ်လိုပဲပြောပြော အဓိက ကတော့စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့အတွက် ခြေလှမ်း လှမ်းနေတာလို့ပဲမြင်တယ်”ဟု ၎င်းကပြော သည်။

အဆိုပါလူဦးရေစာရင်းကို တနိုင်ငံလုံး ကောက်ယူသွားဖို့ရှိကြောင်းသိရပြီး မြစ်ကြီးနားမြို့နယ်နှင့်ဝိုင်းမော်မြို့နယ်တွင်လည်း အများပိုင်းကျန်ရှိနေသေးကြောင်း တချို့ရပ်ကွက်များတွင် မကောက်သေးကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှ စုံစမ်းသိရှိရသည်။

Show More

Related Articles

Back to top button