တိုက်ပွဲသတင်း

KIO ဗဟို ဌာနချုပ်အနီး ကားလမ်းဖောက်ရန် စစ်ကောင်စီ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲ ပြင်းထန်

KIO ဗဟိုဌာနချုပ်နဲ့ နီးတဲ့ ဖလပ်ဘွမ်ဘက်ကို စစ်ကောင်စီတပ်တွေဟာ လမ်းဖောက်စက် ယန္တရားတွေနဲ့အတူ တက်လာတာကြောင့် မတ်လ ၁၂ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် ဆမားကနေ  တရုတ်နယ်စပ်အနီးက ပုန်းလိန်စခန်းအထိ လမ်းဖောက်ဖို့ အခုလို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက  KNG ကို ပြောပါတယ်။

အဲဒီနေရာက ကျွန်တော်တို့ဘက် ၂၀၁၈ လောက်မှာ ဆုံးရှုံးလိုက်ရတဲ့ နေရာဖြစ်တယ်။ အဲဒီဘက် ကားလမ်းမပေါက်သေးဘူး ဆိုတော့ ထောက်ပို့လမ်းမရှိသေးဘူး၊ ဒါကိုသူတို့ကားလမ်းဖောက်ဖို့ လုပ်နေတယ်။ ကားလမ်းဖောက်မယ်ဆိုရင် ကျွန်တော်တို့ တပ်စခန်းတွေကို ကျော်ဖြတ်ရအုံးမှာဖြစ်တယ်။ ဒီလမ်းဟာ ဗျူဟာကျတဲ့လမ်းလည်းဖြစ်တယ်။ ပုန်းလိန် ကျော်ပြီဆိုရင် တရုတ်နေစပ်ကိုရောက်ပြီ။”

လက်ရှိ လမ်းဖောက်လုပ်ဖို့အတွက် စစ်ကောင်စီတပ်အသုံးပြုတဲ့ တပ်တွေကတော့ တပ်မ ၈၈ နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ အောက် တပ်ရင်း ၃ လောက်ပါဝင်ပြီး စစ်အင်အား ၃၀၀ ကျော်နဲ့ စစ်မျက်နာ ၃ ခုကနေ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်းမော်မှာရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကလည်း ရှေ့တန်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝဘရန် (Wa Byen)၊ ဂဂမ် (Kagam)၊ နားဘရန်( Nabram)၊ ပုန်းလိန်ရှန်ခေါင် (Pungling Shang Hkawng Bum) စတဲ့ စစ်ကောင်စီတပ်တွေဟာ KIA လှုပ်ရှား တပ်မဟာ ၁ အောက် လှုပ်ရှားတပ်ရင်း ၂၅၁ နဲ့ ၂၅၃ တပ်ဖွဲ့တွေကို ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

မတ်လ ၁၃ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်းစီတပ်ဘက်က ၁၀ ယောက်ကျော် သေဆုံးခဲ့ပြီး ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ ကားတစ်စီးကို ဖျက်စီးနိုင်ခဲ့ကြောင်း သိရပါတယ်။ မနေ့က မတ်လ ၁၆ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အကြိမ်ရေ ၁၀၀ ကျော် KIA ရှိတဲ့ စခန်းတွေဘက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဘက်က လမ်းဖောက်ဖို့ စစ်အင်အား ဆက်တိုးချဲ့လာမယ်ဆိုရင် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“သူတို့ဘက်က လုပ်မယ်ဆိုရင် ရအောင် လုပ်လိမ့်မယ်။ သူတို့ဘက်က ကျနော်တို့ထက်အမြဲတမ်း လူအင်းအား လက်နက်အင်အားတွေ ပိုအားကောင်းတယ်။ ရအောင်လုပ်မယ်လို့ထင်ပါတယ်၊ ဒါပေမဲ့ ဒါကိုလုပ်နိုင်ဖို့ရန်အတွက် အလောင်းခင်းပြီးမှပဲ လုပ်လို့ရမယ်။ အလောင်းမခင်းပဲနဲ့ လွယ်လွယ်နဲ့ဖောက်နိုင်မှာ မဟုတ်ဘူး၊ သူတို့ဘက်က ပေးဆပ်မှုတွေတော့ ရှိရမယ်။ စိုရိမ်မှုတစ်ခုက ဒီတိုက်ပွဲမှာ စ်တပ်က မသေပဲနဲ့ ပြည်သူ့စစ်အဖွဲ့ဆိုတဲ့ ကျနော်တို့အချင်းချင်းကိုပဲ အလောင်းခင်း ခိုင်းမှာကို စိုးရိမ်တယ်။”

မတ်လ ၁၃ ရက်နေ့ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် မဂါးယာန်စစ်ရှောင်စခန်းအနီး တရုတ်ပြည်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ် မဂါးယာန်စစ်ရှောင်စခန်းက​ ပြည်သူတွေလည်း ထပ်မံ ရွေ့ပြောင်းရမလားဆိုတဲ့ စိုးရိမ်မှု ရှိနေတယ်လို့ စစ်ရှောင်တစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့စစ်ရှောင်တွေအနေနဲ့ ဘယ်နေရာမှာပဲနေနေ လုံခြုံမှုရှိမယ်လို့ မခံစားရတော့ဘူး။ ကျွန်တော်တို့ စိတ်ထဲမှာက ပြန်ထွက်ပြေးရမယ်ဆိုတဲ့စိတ်နှင့် အဝတ်တစ်ထည် နှစ်ထည် ထည့်ထားပြီး စောင့်နေတဲ့အခြေအနေ ရှိတယ်။ လုံခြုံမှုရှိမယ် ဆိုတဲ့စိတ်က လုံးဝမရှိတော့ဘူး၊ ကဒုတ်ကျင်းထဲမှာပဲနေပြီး ကျွန်တော်တို့ အသက်ဆက်ဖို့ ဆိုတာလည်းမဖြစ်နိုင်ဘူး၊ ဆိုတော့ ကျွန်တော်တို့က စိုးရိမ်းမှုတွေနှင့်ပဲ နေနေ ရတယ်။”

 

ကချင်ပြည်နယ်မှာ လတ်တလောအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နေရာအချို့မှာ တိုက်ပွဲငြိမ်နေချိန် စစ်ကောင်စီဘက်က KIO/KIA ဌာနချုပ်ဘက်ကို လမ်းဖောက်ဖို့ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button