တိုက်ပွဲသတင်း

မြစ်ကြီးနား၂၁ မိုင်ဂိတ် တိုက်ခိုက်ဖျက်ဆီးခံရ

မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာအနီးရှိ ၂၁ မိုင် စုပေါင်းဂိတ်ကို ယနေ့ နံနက် ၄ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“၂၁ မိုင် ဂိတ်ကိုတော့ ဖျက်ဆီးလိုက်ပြီ။ မြစ်ကြီးနားကနေ လေယာဥ်နဲ့လာတိုက်လို့ နောက်ဆုတ်သွားတယ်။ စုပေါင်းဂိတ်မှာရှိတဲ့ သူတို့တွေရဲ့ထိခိုက်မှုကိုတော့ အသေးစိတ်မပြောနိုင်သေးဘူး။ ထိခိုက်သေဆုံးမှုတော့ရှိတယ်” ဟု KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို အတည်ပြု ပြောဆိုသည်။

တိုက်ခိုက်ခံရသည့် ၂၁ မိုင် စုပေါင်းဂိတ်တွင် ၃ နာရီခန့်အကြာ အပြန်အလှန်တိုက်ခိုက်ပြီးနောက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် ၂စီးဖြင့် ၅ကြိမ်ထက်မနည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“၄ နာရီအစောပိုင်းကတည်းကနေ လက်နက်ကြီးသံ လက်နက်ငယ်သံ အကုန်ကြားရတယ်။ အခုတောင် တစ်ချက်ချက်ကြားရသေးတယ်။ လေယာဥ်နဲ့လာပစ်တာတောင် ၅ခေါက်ရှိပြီ။ လက်နက်ကြီးထိမှန်တာတော့ မကြားမိဘူး”ဟု ၂၁ မိုင်ဂိတ်အနီးရှိ မရမ်းဒေသခံတစ်ဦး ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ၂၁ မိုင်ဂိတ်အနီးရှိ ခလရ ၂၆၀ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် KIA နှင့် PDF ရှိသည့်ဘက်သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ၂၁ မိုင်ဂိတ် တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၂၁ခုနှစ် ဇွန်လ တွင်ဖြစ်သည်။
၂၁ မိုင် စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းမှု အတင်းအကြပ် ပုံမှန်လုပ်ဆောင်နေသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

Related Articles

Back to top button