သတင်း

နေရပ်ပြန်လာသော ပူတာအိုဒေသခံများ ထပ်မံ ထွက်ပြေးရမည်ကို စိုးရိမ်

နေရပ်ပြန်အခြေချနေထိုင်သော ပူတာအို ဒေသခံများသည် လက်ရှိစစ်ရေးမတည်ငြိမ် ပြန်ဖြစ်လာသောကြောင့် ထပ်မံ ထွက်ပြေး ရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများပြောသည်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်အုပ်စု တန်ဂျာကျေးရွာအနီး ဧပြီ ၃ ရက်နေ့ မွန်းလွဲပိုင်းပိုင်း စစ်ကောင်စီတပ် အင်အား ၈၀ ကျော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ စိုးရိမ်နေရသည်ဟု သိရသည်။

“KIAတွေရှိတဲ့ဘက် စစ်တပ်ကို ဝင်လာတယ် ထင်တယ်။ အဲ့ကြောင့် တိုက်ခိုက်ပစ်ခဲ့တာနေမှာ။ နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး သေနတ်သံ ပြန်ကြားတယ်။ စစ်တပ်ဘက် လက်နက်ကြီး ၂ ​ခါ ပစ်သံကြားတယ်။ ကျနော်တို့ရှိတဲ့ ရွာနဲ့ တော့ ၂ မိုင်လောက်ဝေးတယ်။ ရွာသားတွေက တချို့က အရမ်းစိုးရိမ်ပြီး နေနေတယ်။ တချို့ကတော့ တောဘက် ပြန်ပြေးရအောင်ဆိုတာလည်းရှိ၊ ပြန်ဖြစ်တော့မှပဲ ဘယ်လိုဖြစ်မယ်သိတော့မယ်။” ဟု တန်ဂျာဒေသခံတစ်ဦးက ပြောသည်။

တစ်လခန့်နီးပါး တိုက်ပွဲတည်ငြိမ်နေပြီဖြစ်သောကြောင့် ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR နှင့် မြစ်ကြီးနား ခရစ်ယာန်ကောင်စီ MCC အဖွဲ့မှ ကူညီပေးမှုဖြင့် ပူတာအိုစစ်ရှောင်ပြည်သူအားလုံးနီးပါး နေရပ်ပြန်နေသည့်အချိန်လည်း ဖြစ်သည်။

ယခုလို ဆွမ်ပီယန်၊ လုံရှာယန် ၊ အင်စီးယန် နှင့် တန်ဂျာယန် စသောကျေးရွာများမှ ဒေသခံပြည်သူများ မိမိကျေးရွာသို့ ပြန်နေထိုင်နေတဲ့ကာလတွင် စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုဆက်တိုက် ပြုလုပ်နေသောကြောင့် ရွာသားများအတွက် လုံခြုံရေး မရှိသေးကြောင်း ပူတာအိုဒေသခံ တစ်ဦး ယခုလို ဆက်ပြောသည်။

“အရမ်းစိုးရိမ်နေကြရတယ်။ ဒီတိုက်ပွဲက တည်ငြိမ်မဲ့အခြေအနေမရှိတာကြောင့် ဖြစ်နိုင်ရင်က ထွက်ပြေးဖို့နေရာက ဆက်ပြီး ရှာရမဲ့အနေအထားဖြစ်တယ်။ အခုလောလောဆယ်ကတော့ဘယ်မှမသွားဘူး။ သေနတ်သံတွေ ကြားရင်တော့ ကျနော်တို့တွေ တစ်နေရာတည်းမှာပဲစုရအောင်၊ ပြီးတော့ အခုချိန်ဘယ်မှမသွားနဲ့အုံး၊ နေ့ခင်းဆိုလည်း ဝေးတဲ့နေရာမသွားနဲ့၊ ရွာကနေလည်း မထွက်ဖို့ အိမ်မှာပဲနေဖို့ ပြောထားကြတယ်။ နောက်ပြီး လက်နက်သံတွေကြားပြီဆိုရင်၊ ရွာမှာမတိုက်ပွဲ ဖြစ်လည်းမဖြစ်လည်း လက်နက်သံကြားရင်က တစ်နေရာတည်းနေဖို့ နေရာပြင်ဆင်ထားမလားလို့။ ဒါပေမဲ့ခုတော့ အဆင်မပြေသေးဘူး။ မနေ့ညပဲ စစ်တပ်က ရွာမှာ ဝင်ရောက်နေတာဆိုတော့။ ဒါပေမဲ့ အားလုံးကတော့ အပြင်မထွက်ပဲ နေ့ည သတိဝိရိယနဲ့ နေနေဖို့ မှာထားကြတာပေါ့။” ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

ထို့အပြင် ယခင် ဖတ်မာအထိသာ တပ်ချထားသော စစ်ကောင်စီတပ်များသည် ယခုချိန် လုံရှာယန်ကျေးရွာထိ ကျေးရွာအတွင်းအပြင် တပ်ချထားသည်ဟု သိရသည်။

စစ်တပ်သည် တန်ဂျာယန် ကျေးရွာတစ်လျှောက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့များကို ရှင်းလင်းလိုသော ရည်ရွယ်ချက်ဖြင့် စစ်အင်အားဆက်တိုက် တိုးချဲ့နေကြောင်း ဒေသခံများ ပြောသည်။

ပထမအကြိမ် ထွက်ပြေးခဲ့ရပြီဖြစ်သော ဒေသခံတစ်ဦးမှ လက်ရှိပူတာအို ဒေသ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ၎င်း၏ အမြင်ကို သုံးသပ် ပြောဆိုသည်။

“ဟိုတခေါက် ဆွမ်ပီယန်ကလို၊ ရွာသားတွေလည်း ရှောင်လိုက်၊ ပြေးလိုက် အခြေအနေပဲ ဖြစ်စေမယ်ဆိုရင်က ဒေသခံတွေက လုံး၀ သေနတ်သံ ငြိမ်းဖို့ပဲလိုလားပါတယ်။  ဒါပေမဲ့ လက်တွေ့ တကယ်လုပ်ဆောင်မယ်ဆိုရင်တော့ အားလုံး တစ်နှစ်လောက်ပဲဖြစ်ဖြစ် အနစ်နာခံပြီး ထောက်ခံဖို့ ပြောတဲ့သူတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ အခုလို စစ်ရှောင်ပြီး နေရပ်ပြန်ပြီ။ မြို့ထဲကရွာသားတွေလည်း ပြန်လာဖို့ ပြင်နေပြီ။ အဲ့မှာ အခု စကစ က ပြန်လှုပ်ရှားနေတော့ တိုက်ပွဲဖြစ်လာဖို့ အလားအလာရှိနေတယ်။ အဲ့ထဲမှာမှ ရွာသားအားလုံးနီးပါးက ထပ်မံ စိုးရိမ်နေကြတာပေါ့။” ဟု ၎င်းက ပြောသည်။

မြစ်ကြီးနားမြို့ပေါ် ရောက်ရှိနေသော ပူတာအို စစ်ရှောင်ပြည်သူများကိုလည်း ဧပြီ ၅ ရက်နေ့ အကူညီပေးနေသူများက ဦးဆောင်ပြီး စစ်ရှောင်အားလုံး နေရပ်ပြန်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်ကာ ပူတာအိုဒေသတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မတ်လဆန်းပိုင်းတွင် စစ်ကောင်စီဘက်က အင်အားတိုးချဲ့လာသောကြောင့် KIA ဘက်မှ နောက်ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button