သတင်း

မြစ်ကြီးနားနှင့် ဖားကန့်တွင် ဆီပန့် ဆိုင်များ ပိတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့်ဖားကန့် မြို့တွင် ယနေ့ ဧပြီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆီပန့်ဆိုင်များ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားနဲ့ဖားကန့်တို့တွင် ဆီကားအဝင်မရှိတော့သည့်အတွက် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း ဖားကန့်မြို့မှ စက်သုံးဆီအရောင်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးက KNG သို့ပြောသည်။

“ရန်ကုန် မန္တလေးဘက်ကနေကို ဆီကားတွေက အဝင်မရှိတော့ဘူးတဲ့ ဒီမှာအခုဒီဇယ် လေးပီပါလောက်ဆိုပြီးလှမ်းမှာတာမရဘူး အခုကဆီပန့်ဆိုင်တွေတော့ပိတ်ပြီဗျ လက်လီရောင်းတဲ့ တစ်ထောင်ဖိုးနှစ်ထောင်ဖိုး တင်ရောင်းတဲ့ ဆိုင်သေးလေးတွေမှာပဲရတော့မှာ”ဟု ယင်းအမျိုးသားက ပြောသည်။

ဖားကန့်တွင် ဧပြီ ၁၈ ရက်နေ့အထိ ဓာတ်ဆီတစ်ဂါလံ ကျပ် ၉၆၀၀ စျေးရှိရာ ယနေ့တွင် တစ်လီတာ ၁၀၀၀၀ ကျပ် မြင့်တက်ခဲ့ပြီး လတ်တလော ဆီလက်ကျန်ကုန်သွားသောကြောင့် ပိတ်ထားရကြောင်း ဖားကန့်ဆီပန့်ဆိုင်များမှ သိရသည်။

အလားတူမြစ်ကြီးနားမြို့တွင်လည်း လက်ရှိရောင်းချပေးနေသေးသည့်ဆီပန့်ဆိုင်များတွင်လည်း အကန့်သတ်ဖြင့်သာရောင်းချပေးနေကြောင်း ဆီပန့်ဆိုင်တစ်ခုမှ မန်နေဂျာတစ်ဦးကပြောသည်။

“အကုန်လုံးပိတ်ကုန်ပြီဗျ အခုဖွင့်နေတာက ကျနော်တို့ရယ်နောက် တစ်ဆိုင်နှစ်ဆိုင်လောက်ပဲဖွင့်တော့တယ် ဒါတောင်နည်းနည်းပဲရောင်းပေးတယ် မောင်းဆီလောက်ပေါ့တစ်ဦးကိုအများဆုံး တစ်သောင်းဖိုးထိပဲရောင်းပေးတယ်”ဟု ၎င်းကပြောသည်။

မြစ်ကြီးနားတွင်လည်း ဆီပန့်ဆိုင်များမပိတ်မှီအထိ 92 တစ်လီတာ ၂၄၀၀ ကျပ်၊ 95 တစ်လီတာ ၂၆၀၀ ကျပ်အထိစျေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အခြားမြို့ကြီး များဖြစ်သည့် ဗန်းမော်၊ မိုးညှင်း၊ ပူတာအို စသည်မြို့များတွင် လက်ရှိ ပုံမှန်ရောင်းချပေးနေသေးသော်လည်း စျေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button