သတင်း

လျှပ်စစ်မီး ဖြတ်တောက်သည့် နဘား လျှပ်စစ် ရုံးခွဲကို PDF အဖွဲ့ သတိပေး

ကသာခရိုင် အင်းတော်မြို့နယ် ထီးချိုင့်-မော်လူး-ကသာ မြို့နယ်များတွင် လျှပ်စစ်မီး ဖြတ်တောက်ထားသည့် နဘား လျှပ်စစ်ရုံးခွဲကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က သတိပေးထားကြောင်း သိရသည်။

အဆိုပါ မြို့နယ်များတွင် နဘား လျှပ်စစ်ရုံးခွဲမှ လျှပ်စစ်မီးဖြတ်တောက်ထားသည်မှာ ၄ ရက်ခန့်ရှိလာသဖြင့် ဆက်လက် ပြုလုပ်နေပါက အရေးယူသွားမည်ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာန သို့ ပြောသည်။

“ဖြုတ်ထားတယ် တစ်နေ့ကိုလာရင် ၅ မိနစ်လောက် မကြာဘူး။ လာပြီး ပြန်ပြန် ပြတ်သွားတာ တခြားမြို့နယ်တွေကလာပြီး ကိုယ့်မြို့နယ်မလာတော့ ကျွန်တော်တို့ကလည်း သတိပေးထားပါတယ်။ ဆက်ပြီးတော့မှ လုပ်နေရင်တော့ သူတို့ကိုပစ်မှတ်ထားပြီး အ့လိုလုပ်တဲ့သူကိုတော့အပြစ်ပေးဖို့စဥ်းစား ထားပါတယ်”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့လျှပ်စစ်မီးဖြတ်တောက်လိုက်သည့် အတွက် ဒေသခံပြည်သူများလည်း အခက်အခဲတွေ့နေကြောင်း ထီးချိုင့်ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခု မီးမလာတော့ တော်တော်များများက မီးစက်လေးတွေနိုးပြီး သုံးနေရတယ်။ ဒါပေမယ့် တော်တော်များများက ရေအခက်အခဲဖြစ်နေကြတယ်။ အခုကာလက ရေရှားတော့ မီးမလာတော့ ရေမရကြဘူး”ဟု ထီးချိုင့်ဒေသခံ တစ်ဦးက ပြောသည်။

ထီးချိုင့် PDF တပ်ဖွဲ့နှင့် အလားတူ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင်”အင်းတော်မြို့နယ် နဘားလျှပ်စစ်ခွဲရုံအနေနဲ့ ပြည်သူတွေအပေါ် မငှဲ့ကွက်ပဲ ပြည်သူတွေဒုက္ခရောက်အောင် ဆက်လက်ပြီး လျှပ်စစ်မီးဖြတ်တောက်နေမည်ဆိုပါက အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ အသက်အာမမခံနိုင်ကြောင်းနှင့် တစုံတရာဖြစ်ခဲ့ပါက တာဝန်မယူကြောင်း သတိပေးပြောကြားလိုက်သည်”ဟု ဧပြီ ၂၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်ထားသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ နဘား လျှပ်စစ်ရုံးခွဲသည် လျှပ်စစ် ဓါတ်အားပေးရန် ပြဿနာတစ်စုံ တစ်ရာမရှိသော်လည်း ဖြတ်တောက်ထားကြောင်း သိရသည်။

Show More

Related Articles

Back to top button