သတင်း

ဖမ်းဆီးခံ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို အဂတိအမှုတစ်ခုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

မြစ်ကြီးနားမြို့ အကျဉ်ထောင်တွင် ဖမ်းဆီးခံထားရသည့် NLD အစိုးရ၏ ကချင်ဝန်ကြီးချုပ် ‌ဒေါက်တာခက်အောင်ကို ပုဒ်မ ၅၅ အဂတိလိုက်စားမှု တစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပြီး အခြားဝန်ကြီးများကိုလည်း ထောင်ဒဏ် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

ယနေ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၇ ဦးကို အမိန့်ချမှတ်ရာတွင် ဒေါက်တာခက်အောင်သည် ထောင်ဒဏ်အများဆုံး ၁၂ နှစ် ဖြစ်ပြီး ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း ထောင်ဒဏ် ၉နှစ်၊ လူမှုရေး ဝန်ကြီး ဦးနေဝင်း ၃နှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း ၃နှစ်၊ လျှပ်စစ်နဲ့စက်မှု လက်မှုဝန်ကြီး ဦးဝင်းညွန့် ၃ နှစ် ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှီလဆိုင်း ၃ နှစ် ၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ(ခ)ခမ်းရယ် ၃ နှစ် အသီးသီး ချမှတ်ခံရလိုက်ကြောင်း သိရသည်။

“ဒီနေ့အမိန့်ချတာ‌‌တော့ အားလုံးက အဂတိမူတွေဘဲ ဒါပေမယ့် ချမှတ်ခံရတဲ့နှစ်တွေကွာသွားတာက အဂတိမူကိုဘဲ ဘယ်နှစ်ခုဆိုတာခွဲပြီး ချတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ချမှတ်ခံရတဲ့နှစ်တွေမတူဘူး” ဟု ကချင်ပြည်နယ် NLD ပါတီ ပြည်နယ်အလုပ်အမူဆောင်က‌ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၇ဦးကို တရားစွဲဆိုထားသည့် အမူများထဲမှ အဂတိတိုက်ဖျက်ရေးပုဒ်မအတွက် ဧပြီလ ၈ရက်နေ့ အမိန့်ချမှတ်မည်ဟု စစ်ကောင်စီမှ ချိန်းဆိုထားသော်လည်း အမိန့်ချ‌ပေးခဲ့ခြင်း မရှိဘဲ ဧပြီလ ၂၂ ရက်နေ့ ယနေ့ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဝန်ကြီးများသည် စစ်တပ်မှ အာဏာစသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ရပြီး စစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးကာ အဂတိတိုက်ဖျက်ရေးပုဒ်မ ၅၅ အပါအဝင် ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခံထားရသည်။

“ဒီနေ့က ပုဒ်မ ၅၅ အတွက်ဘဲ အမိန့်ချတာပေါ့နော်။ ကျန်စွဲထားတဲ့ပုဒ်မတွေရှိသေးတယ်။ အဲဒါတွေက သူတို့မြို့နယ်အလိုက်ခွဲပြီး စွဲချက်တင်မယ်ထင်”ဟု ကချင်ပြည်နယ် NLD ပါတီ ပြည်နယ်အလုပ်အမူဆောင်က‌ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ဝန်ကြီးများကို စွပ်စွဲထားသော အချက်များမှာ မြို့နယ်၊ ပြည်နယ် NLD ရုံးများတည်ဆောက်ရန် လုပ်ငန်းရှင်းများထံမှ ငွေကြေးတောင်းခံထားသည့်အချက်များဖြင့် စစ်ကောင်စီက စွပ်စွဲထားခြင်း ဖြစ်သည်။

လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ စွပ်စွဲ တရားစွဲဆိုခံထားရသည့် ဝန်ကြီးများမှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း၊ ဘဏ္ဍာအခွန် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ၊ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး ဦးဒါရှီလဆိုင်း ၊ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်တို့ဖြစ်သည်။

အဆိုပါ ဝန်ကြီးများကို စစ်ကောင်စီမှ စွဲဆိုထားသော အမှုများမှာ တစ်ဦးလျှင် ၂ မှုနှင့် ၆ မှုဝန်းကျင်တွင် ရှိသည်။

ဝန်ကြီးချုပ် အပါအဝင် ပြည်နယ် ဝန်ကြီးများ အားလုံး ဖမ်းဆီးချုပ်နှောင်ခံထားရသည်မှာ တစ်နှစ်ကျော်ရှိလာပြီး လက်ရှိ မြစ်ကြီးနားအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရဆဲဖြစ်ကာ ကျန်းမာရေးကောင်းမွန်ကြောင်းလည်း NLD ပါတီပြည်နယ်အလုပ်အမူဆောင်မှ သိရသည်။

Show More

Related Articles

Back to top button