လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝန်းသို မြို့နယ်မှာ ကျေးရွာ ၈ ရွာ မီးရှို့ခံရပြီး ရွာပေါင်း ၄၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ကချင် စစ်ကိုင်း နယ်စပ် ဝန်းသိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၈ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လက်ရှိ ဘေးလွတ်ရာ တိမ်းရှောင်နေသည့် ကျေးရွာပေါင်း ၄၀ ကျော်အထိရှိကြောင်း ဝန်းသို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။

စစ်ကောင်စီတပ် အင်အား ၅၀ ခန့်သည် ဧပြီ ၂၃ ရက်နေ့မှ စ၍ ဝန်းသိုနယ် အတွင်းသို့စစ်ကြောင်းထိုး ဝင်ရောက်လာကာ လူနေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wonto Revolution_WR တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“မနေ့ည ၈ နာရီအထိပေါ့ ရွာပေါင်း ၈ ရွာ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်”ဟု ပြောသည်။

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်းရှစ်ရွာမှာ စိန်လည်၊ သပြေသာ၊ အောင်ကုန်း၊ ရှမ်းစု ကျေးရွာနှင့် ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံ၊ လယ်ခုံ၊ ရွှေတောင်ကျေးရွာ တို့ဖြစ်ကြောင်းသိရသည်။

ဝန်းသိုနယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသောကြောင်း လက်ရှိတွင် ဝန်းသိုမြို့နယ်မှ ဘေးလွတ်ရာသို့ထွက်ပြေးတိန်းရှောင်နေသည့် ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီးဒုက္ခသည်ပေါင်း ၂၄၀၀၀ ကျော်ရှိကြောင်း Wonto Revolution_WR မှ တာဝန်ရှိသူတစ်ဦးက ပြောသညိ။

“မနေ့ကဆို သပြေသာကျေးရွာမှာ သီတင်း သုံးနေထိုင်တဲ့သံဃာတော်တစ်ပါးနှင့်အမျိုး သမီးတစ်ဦးကိုလည်း သတ်ပစ်သွားပါတယ်။ ပြီးတော့ အဖမ်းခံရတဲ့ပြည်သူလည်း လေးဦးအထိရှိနေပါတယ်။ မနေ့ကဖမ်းသွားတာပါ”ဟု ၎င်းက ပြောသည်။

လတ်တလော မီးရှို့ဖျက်ဆီးခံရသည့် ရွာ ၈ ရွာမှ မီးဘေးသင့်ပြည်သူများနှင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူ ၂ သောင်းကျော်အတွက် အဝတ်အထည်၊ စားသောက်ကုန်နှင့် နေရာထိုင်ခင်းအတွက် မိုးကာများခိုအပ်နေကြောင်း သိရသည်။

ဧပြီ ၂၄ ရက်နေ့ည ၁၁ နာရီအချိန်ခန့်တွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ယနေ့ နံနက်ပိုင်း ဝန်းသိုမြို့ပေါ်တွင် ဗုံးသံနှင့် မိုင်းသံများ ကြားနေရကြောင်း သိရသည်။

Show More

Related Articles

Back to top button