Covid-19သတင်း

ကသာမြို့တွင် လမ်းသွားလမ်းလာများကို တားဆီးပြီး ကိုဗစ် ကာကွယ်ဆေး ထိုးပေးနေ

ကသာမြို့တွင်း နေရာအချို့တွင် လမ်းသွား လမ်းလာ ပြည်သူများကို တားဆီးကာ စစ်ကောင်စီ၏ ကျန်းမာရေးဌာန က ကိုဗစ်ကာကွယ်ဆေး အတင်းထိုးပေး‌နေကြောင်း ဒေသခံများမှ သိရသည်။

ဧပြီလ ၂၀ ရက်နေ့မှစတင်ပြီး ကသာမြို့နယ် စည်ပင်သာယာရေး ရုံးအဖွဲ့၊ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းကာ ကသာမြို့အတွင်း သီရိ ခေမာ စျေးနှင့် အမှတ် ၁ ရဲစခန်းရှေ့၊ ကသာမြို့ပြင်ဂိတ်၊ မြို့တော်ခန်းမရှေ့ ၊ ဘူတာစျေး(ပျံကျ) ၊စက်လှေကူးတို့ဆိပ်များတွင် လမ်းဖြတ်လမ်းလာ ပြည်သူများကို တားဆီးပြီး ကိုဗစ်ကာကွယ်ဆေး အတင်း‌ထိုးပေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရောဂါအခံရှိမရှိ စစ်ဆေးခြင်းလည်းမရှိ သွေးပေါင်ချိန်ပေးခြင်းတွေလည်း မလုပ်ပဲ ထိုးပေးနေတာတွေလုပ်တယ်။ ကျွန်မတို့က မထိုးချင်ဘူး ဒါပေမယ့် သူတို့က မထိုးရသေးရင် ထိုးပါဆိုပြီး ထိုးခိုင်းတယ်။ အခြားရောဂါအခံရှိသူ ဆိုရင်တော့ အဲလိုလုပ်တာအဆင်မပြေနိုင်ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

‌ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကသာမြို့ အမှတ် ၁ ရဲစခန်းအတွင်း၌ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အခြားအမှုဖြင့် အချုပ်ကျနေသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် လမ်းသွားလမ်းလာ ဆိုင်ကယ်ယာဉ်ကားများပါ ရပ်တန့်ခိုင်းကာ ကိုဗစ် ကာကွယ်ဆေးထိုးပေး‌နေကြောင်း ဒေသခံများကပြောသည်။

“သူတို့က ရဲတွေ၊ ယာဉ်ထိန်းတွေနဲ့တားပြီးလုပ်နေတာ့ထိုးပြီးသားလူက ရဲရဲတင်းတင်းပြောရဲမှာပေါ့ မထိုးထားတဲ့သူတွေက မထိုးချင်လည်း သူတို့ကိုကြောက်တော့ ထိုးရတာပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။

ယင်းကဲ့သို့တားဆီးကာ ထိုးနှံပေးမှုကြောင့် ဒေသခံများအနေဖြင့် မြို့တွင်သွားလာရန်ပင် ခက်ခဲလာကြောင်း သိရသည်။

အဆိုပါကိစ္စအား ကသာမြို့နယ်မှ သက်ဆိုင်ရာဌာနသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

အာဏာသိမ်းပြီးနောက်ပိုင်း ကသာမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် အခြားရောဂါအခံရှိသူနှင့် သက်ကြီးရွယ်အိုအချို့ နောက်ဆက်တွဲ ရောဂါဝေဒနာများ အပြင်းအထန် ခံစားခဲ့သူများအပြင် သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများမှ သိရသည်။

Show More

Related Articles

Back to top button