သတင်း

နန့်စလျော်ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးအဖွဲ့ ဗုံးခွဲတိုက်ခိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာအုပ်စုရှိ နန့်စလျော် ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးများက ဗုံးခွဲ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးတစ်ပါးနှင့် အရပ်သား ၄ ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

နန့်စလျော်ကျေးရွာ တောင်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းကို ဧပြီ ၂၈ ရက်နေ့ ည ၇ နာရီခွဲအချိန့်ခန့်တွင် ပျူစောထီး အဖွဲ့တစ်ဖွဲ့က ယတြာယာခြယ်ရန်အတွက် ဟုဆိုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နန်းမားကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“မနေ့ည ခုနှစ်နာရီခွဲ ၈ နာရီလောက်မှာဖြစ်သွားတာ ဘုန်ကြီးကျောင်းထဲမှာဖြစ်သွားတာ နန်းမားကနေတော့ ဗုံးသံ ၃ ချက်လောက် ကြားလိုက်မယ်။ ဒီဟာက မလုပ်ခင်ကတည်းကနေကို သတင်းကပြန့်နေပြီ။ အဲ့မှာ ပျူစောထီးတွေက ယတြာယာလာခြယ်မယ်ဆိုပြီး အခုဖြစ်တဲ့ဟာက ပျူစောထီးတွေလုပ်ကြတာတဲ့”ဟု ၎င်းက ပြောသည်။

နန့်စလော်ကျေးရွာတွင် NLD ထောက်ခံသူထက် ကြံ့ခိုင်ရေးပါတီ ထောက်ခံသည့်အများဆုံးဖြစ်ပြီး ယခုလုပ်ရပ်သည် ပျူစောထီး အဖွဲ့များပူးပေါင်းလုပ်ကြံခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီး ဦးဝိမလ သက်တော် (၇၈)နှစ်၊ ဦးသန်းထွန်း(၅၂)နှစ် ၊ ဦးအောင်ကြီး (၆၈) ဦးမြကြီး (၈၃)နှစ် နှင့် မောင်ဓာတ်ဆုံ ၁၅ နှစ်တို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် အလှူပွဲတစ်ခုရှိသောကြောင့် ယင်းအလျှူပွဲအတွက် ကျေးရွာနေပြည်သူများ ပြင်ဆင်နေစဥ် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ပြီးတချို့မှာ ဘေးလွတ်ရာ တိမ်းရှောင်နိုင်သောကြောင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

“အရပ်သားတွေကတော့ အဲ့ရွာထဲကလူတွေပဲ ဒဏ်ရာရထားတဲ့လူတွေက အရမ်းကြီးတော့ မစိုးရိမ်ရဘူးလို့ပြောတယ်”ဟု ကျေးရွာနေ ပြည်သူတစ်ဦး ပြောသည်။

ကချင်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ဘုန်းတော်ကြီးကျောင်းအတွင်း ဝင်ရောက်စီးနှင်းမှု ရိုက်နက်မှုဖြစ်စဉ်များ ပုံမှန်ရှိခဲ့သော်လည်း ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ ယခုပထမအကြိမ် ဖြစ်သည်။

Show More

Related Articles

Back to top button