သတင်း

အင်းတော်နယ်တွင် စစ်ကောင်စီယာဥ်တန်းကားရှစ်စီးမိုင်းဆွဲခံရ၊ တစ်စီးမိုင်းထိပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင်ယနေ့ နံနက် ငါးနာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ စစ်ယာဥ်တန်းကား ရှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တစ်စီးမိုင်းထိကာ ပျက်စီးသွားကြောင်း Indaw Revolution -IR မှသိရသည်။

ထီးချိုင့်ဘက်မှ ကချင်ပြည်နယ်ဘက်သို့ စစ်အင်အားဖြည့်ရန်တက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကားရှစ်စီးကို Indaw Revolution -IR မှ အင်းတော်နဲ့ကျောင်းကုန်းကြားတွင် လေးကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးမိုင်းထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကျဆုံးများနိုင်ကြောင်း Indaw Revolution -IR မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

”ရှစ်စီးလာခဲ့တာအင်တော်နဲ့ကျောင်းကုန်းကြားမှာ လေးနေရာ မိုင်းဆွဲလိုက်တော့စစ်ကားတစ်စီးပျက်သွားတယ် ခုနှစ်စီးပဲအထက်တက်သွားတယ် အထိအခိုက်က တော့ ရှိမှာ စစ်ကားတစ်စီးပေါ်ကိုလက်ပစ်ဗုံးနဲ့ပစ်ခဲ့တာဆိုတော့ အတိအကျကတော့မသိရဘူးအဲ့ချိန်ကမှောင်လည်းမှောင်နေသေးတယ်ဗျ ဆက်တက်သွားတဲ့ ၇စီးက နန့်စီးအောင်တော့ကျော်ပြီလို့သိရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါပျက်စီးသွားသည့်စစ်ကား တစ်စီးကို အင်းတော်အနီးတွင်ကျန်ထားကြောင်းသိရပြီး မိုင်းဆွဲတိုက်ခိုက်ခံရစဥ် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသူကဆက်ပြောသည်။

Indaw Revolution -IR အနေဖြင့်အင်းတော်နယ်အတွင်းတွင် စစ်ကောင်စီ တပ်ယာဥ်တန်းများကို အကြိမ်ငါးဆယ်ထက်မနည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီဖြစ်ကြောင်းသိရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်းအများအပြားရှိခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တစ်လျှောက် စစ်ကောင်စီတပ်၏ စစ်ကြောင်း၊ ယာဉ်တန်းများသည် မကြာခန မိုင်းဆွဲတိုက်ခိုက်ခံနေရဆဲဖြစ်သည်။

ထို့ပြင် အင်းတော်မြို့နယ်သည် အခြားမြို့နယ်များနည်းတူ အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ၂ လကျော်ကြာမြင့်လာပြီဖြစ်သည်အပြင် ယခုရက်ပိုင်း ဖုန်းလိုင်းများပါမကြာခနဖြတ်တောက်နေသည်ဟု သိရသည်။

Show More

Related Articles

Back to top button