သတင်း

စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်စခန်းကို PDF အဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီဘက်၂၀ခန့်သေဆုံးပြီး PDF တပ်သား တစ်ဦးကျ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအခြေချနေထိုင်သည့် စခန်းကိုမေလ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။

မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ မုံရွာပြည်သူကာကွယ်ရေးတပ်၊ ပုလဲနယ်တပ်ရင်း (၁) နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နံနက်ပိုင်း ၁၁ နာရီမှ ညနေပိုင်း ၃နာရီခွဲအထိ သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်ထိခိုက်ကျဆုံးခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကKNG သတင်းဌာနသို့ပြောသည်။

“တိုက်ပွဲကတော်တော်လည်းပြင်းထန်ခဲ့တယ်ဗျ။ အဲ့ဒီမှာ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတစ်ယောက်ကျတယ်။ ကျဆုံးသွားတဲ့တစ်ယောက်က မုံရွာ PDF အဖွဲ့ဘက်ကပါ။ တစ်ယောက် ကတော့ ထိခိုက်ဒဏ်ရာ ရထားတယ်။ ပထမအကြိမ်တိုက်ပွဲမှာ လေယာဉ်ပစ်ကူလာတယ်ဗျ။ သူတို့ဘက်က အထိနာတော့ မိနစ်လေးဆယ်လောက်လာပစ်တယ်။ လာတော့ သုံးနာရီခွဲလောက်မှာ တပ်ဖြန့်ပြီးတပ်ဆုတ်ခဲ့တယ်ဗျ” ဟု၎င်းကပြောသည်။

စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့သည့်အတွက် လေယာဉ်ကြောင်းလိုင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ညနေ ၄နာရီအချိန်တွင်၂ဖက်တပ်ထပ်မံ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဆက်လက်သိရသည်။

“ဒုတိယအကြိမ်မှာတော့ကျနော်တို့ဘက်ကအင်အားထပ်ဖြည့်ပြီးတော့မှ သွားတယ်။ အဲ့တစ်ခေါက်မှာ လည်းသူတို့ဘက်ကအတော်လည်းအထိနာခဲ့တယ်။ အထိနာခဲ့တော့ လေယာဉ်ပစ်ကူထပ်ခေါ်တယ်။ ဒုတိယအကြိမ်မှာတော့ သူတို့ဘက်က အော်သံတွေငိုသံတွေတော်တော်လည်းကြားရတယ်ဗျ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်” ဟု ကလေးပြည်သူ့ကွာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးထပ်မံပြောဆိုထားသည်။

အဆိုပါ စစ်ကောင်စီ၏ ဇီးဖြူကုန်း စခန်းသည် ၂၀၂၂ ဇန်နဝါရီလ ကတည်းကတပ်စွဲထားသည့် စခန်းတစ်ခုဖြစ်ပြီး ယမ​န်နေ့တိုက်ပွဲတွင် PDF အဖွဲ့က စခန်းသိမ်းတိုက်ပွဲအဖြစ် စီစဉ်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရဟတ်ယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။

ယနေ့ နေ့လည်ပိုင်းတွင်လည်း နမခမှ စစ်ကားသုံးစီးဖြင့် ဇီးဖြူကုန်းစခန်းသို့အင်အားဖြည့်တင်းရန်တက်လာစဉ် ဗိုလ်နဂါးတပ်ဖွဲ့မှ မင်းတိုင်ပင်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာကြားတွင် နေ့လယ် ၁၂ နာရီခွဲအချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။

ပုလဲမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား ယခုနှစ်အတွင်းထိတွေ့တိုက်ပွဲ ပေါင်းအကြိမ် ၂၀ အထက်မနည်းဖြစ်ပွားခဲ့ပြီဖြစ်ပါသည်။

ဇီးဖြူကုန်းကျေးရွာသည် လူနေအိမ်ခြေတစ်ရာကျော်ရှိပြီး ယမန်နေ့က တိုက်ပွဲကြောင့် ကျေးရွာနေပြည် သူအချို့ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button