စစ်ပြေးဒုက္ခသည်များသတင်း

ယိုယွင်းပျက်စီးလာသည့် ကချင်စစ်ရှောင်စခန်းအချို့ပြင်ဆင်ရန် လိုအပ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများ ယိုယွင်းပျက်စီးလာသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“ဝါးနဲ့ပဲ လုပ်ထားတဲ့ကြမ်းခင်းတွေဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဆွေးသွားတာတွေလည်း အများကြီးရှိတယ်။ အပေါ်ကဆိုလည်း မိုးကယိုတော့ ဒီကြမ်းခင်းတွေက ပိုပြီးဆွေးလွယ်တာပေါ့။ တစ်ခါတစ်လေ အဆောင်ထဲဝင်တာနဲ့ ကြမ်းခင်းတွေ နင်းမိပြီး ကြိုးသွားတာတောင်ရှိတယ်။ ပြီးရင် အဆောက်အဦးက သစ်ကောင်းတာနဲ့ လုပ်ထားတာ မဟုတ်တော့ ပိုးတွေစားပြီးဆွေးလာတယ်။ အောက်ခြေ foundation ဘက်ကနေတောင် ပိုးတွေစားပြီး အကုန်ပျက်စီးနေပြီ” ဟု ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်းတာဝန်ရှိသူက ဆိုသည်။

မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀၃ စု လူဦးရေတစ်ထောင်ကျော် နေထိုင်လျှက်ရှိပြီး အဆောင် ၂၀ ကျော်ရှိသည့် စခန်း ဖြစ်သည်။

ထို့အပြင် ဝိုင်းမော်မြို့နယ်ရှိ အကြီးဆုံးစစ်ရှောင်စခန်းဖြစ်သည့် မိုင်းနားစစ်ရှောင်စခန်းတွင်လည်း ပျက်စီးယိုယွင်းမူများ ဖြစ်ပေါ်နေသည်ကို စခန်းတာဝန်ရှိသူတစ်ဦးက ယခုလို ပြောပြသည်။

“ကျနော်တို့ အဆောက်အဦးတွေက လုပ်ထားတာ ယာယီ စီမံကိန်းနဲ့လုပ်ထားတော့ နှစ်ပေါင်းကြာလာတဲ့အခါမှာ ပျက်စီးယိုယွင်းမူတွေ အများကြီးရှိလာတယ်။ လိုအပ်တာက အများပိုင်းပဲ ၇၀ ရာခိုင်နူန်း ၈၀ ရာခိုင်နူန်းတော့ ပြန်ပြီးပြုပြင်ရတော့မှာ” ဟု စခန်းတာဝန်ခံက ပြောသည်။

မိုင်းနား စစ်ရှောင်စခန်းသည် ဝိုင်းမော်မြို့နယ်တွင် လူဦးရေ အများဆုံးနေထိုင်သည့် စစ်ရှောင်စခန်းကြီး ဖြစ်ပြီး အိမ်ထောင်စုအားဖြင့် ၅၂၉ စု လူဦးရေ ၂၉၂၆ ဦး အထိ နေထိုင်သည်ဟု သိရသည်။

စစ်ရှောင်စခန်းရှိ အဆောင်တစ်ချို့ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အကူအညီဖြင့် အနည်းငယ်ပြန်လည် ပြုပြင်နိုင်သော်လည်း အများစု ထပ်မံ ပြုပြင်ရန် လိုအပ်နေသေးကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူက ဆိုသည်။

ကချင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများသည် ၂၀၁၁ ခုနှစ်မှ စ၍ ကချင်လွတ်လပ်ရေးတပ်မတော်နှင့် စစ်ကောင်စီ တပ်တို့ကြား ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာခဲ့ကြရသူများ ဖြစ်သည်။

Show More

Related Articles

Back to top button