သတင်း

ခြေကျင် တက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုများပြား

ထီးချိုင့်မြို့နယ်တွင် ခြေကျင် တက်လာသည့် စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ခန့် ပေကုန်း ကျေးရွာနှင့် အင်ဒေါင်းကျေးရွာကြားတွင် ယနေ့ နံနက်ပိုင်းက မိုင်းသုံးလုံးဆွဲတိုက်ခိုက် ခံလိုက်ရပြီးနောက် ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဝဲကြီးဘက်မှ အင်ဒေါင်းကြက်တကောင်းဘက်သို့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့် စစ်ကြောင်းထိုး ချီတက်လာခဲ့ရာ ပေကုန်းနှင့် အင်ဒေါင်းကျေးရွာကြားတွင် Special.9-HPDF နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မိုင်းသုံးလုံး ဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များခဲ့ကြောင်း Special.9-HPDF အဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။

“ပေကုန်းရွာနှင့် အင်ဒေါင်းရွာကြားမှာ ပေ ၂၀ လောက်ရှိတဲ့ ချောင်းကူးတံတားလေးရှိတယ်။ သူတို့က အင်ဒေါင်းဘက်ကိုအကူးတံတားပေါ် ရောက်တဲ့အခါမှာ ကျနော်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ အကျအဆုံးကတော့ ရှေ့တန်းသမားတွေ ပြောတဲ့ မျက်မြင်အရ ဆယ်ယောက်လောက်ကျတယ်တဲ့ နောက်ပိုင်းကြားရတာ အဲ့နားရွာတွေမြင်တာ တော့ ၂၅ ယောက်လောက်ထမ်းစင်နဲ့ထမ်းသွားတာတဲ့” ဟု Special.9-HPDFအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဆက်မတက်တော့ပဲ ကြက်တကောင်းကျေးရွာအနီးတစ်ဝိုက်ရှိ အခင်းတဲများတွင် စခန်းချနေကြောင်း သိရသည်။

“သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ယမ်းပစ်တာတွေရှိခဲ့တယ်‌ဗျ လက်နက်ငယ်တွေနဲ့လည်း ယမ်းပစ်ခဲ့တယ်ဗျ PDF ဘက်ကတော့ ထိခိုက်ခဲ့တာမရှိပါဘူး” ဟု Special.9-HPDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Special.9-HPDF တပ်ဖွဲ့အနေဖြင့် ထီးချိုင့်နယ်အတွင်းတွင် စစ်ကောင်စီ စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု ခြုံခိုတိုက်ခိုက်မှုပေါင်း ၁၀ ကြိမ်ထက်မက တိုက်ခိုက်ခဲ့ပြီ ဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button