သတင်း

မီတာခ ကောက်နေသည့် ဗန်းမော် EPC ရုံး ဗုံးနှစ်လုံးခွဲ သတိပေးခံရ

မီတာခ မဆောင်သည့် နေအိမ်များကို မီတာခပေးဆောင်ရန် ခြိမ်းခြောက်နေသော ဗန်းမော် EPC ရုံးကို ဗုံးခွဲ သတိပေးခဲ့ကြောင်း Urban Revolutionary Force (URF-Bhamo) အဖွဲ့မှ သိရသည်။

ဗန်းမော် EPC ရုံးဝန်ထမ်းများသည် စစ်ကောင်စီတပ်စစ်သား၊ ရဲများနှင့်ပူးပေါင်းကာ ပြည်သူများထံမှ အကြမ်းဖက်နည်းဖြင့် မီတာကောက်ခံနေသောကြောင့် ယနေ့ နေ့လည်ပိုင်းတွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် သတိပေးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း URF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။

”တစ်ချိန်တည်းနဲ့ နှစ်လုံးပစ်ပြီးသတိပေးခဲ့တာပါ။ သူတို့ကပြည်သူတွေကိုအကြမ်းဖက်နေတဲ့ သဘောမျိုးဖြစ်သွားနေတာ။ သူတို့လုပ်ရပ်က ဒီရက်ပိုင်းအတောအတွင်းမှာဒီကောင်တွေက ပြည်သူတွေရဲ့မီတာဘောက်တွေကို သွားပြီးဖြုတ်တယ်။ အိမ်တွေကိုဝင်ပြီးပိုက်ဆံအတင်းတောင်းတယ် မပေးရင်မီတာဖြုတ်မယ် မီးကြိုးတွေဖြတ်မယ် အဲ့လိုအတင်းအဓမ္မဆက်ဆံပြီးတော့မှနောက်ယှက်နေတယ်ဗျ”ဟု ၎င်းကပြောသည်။

အဆိုပါ EPC ရုံးဝန်ထမ်းများသည် လွန်ခဲ့သည့် သုံးရက်မှစတင်ကာ ရဲ၊စစ်သားအင်အား ၅၀ ကျော်ဖြင့် မီတာမဆောင်သည့်နေအိမ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက်၍ အချို့နေအိမ်များမှ မီတာဘောက်ဖြုတ်သိမ်းခြင်း မီးကြိုးဖြတ်ခြင်းများလုပ်ဆောင်နေခြင်းဖြစ်သည်။

”အခုကပထမအဆင့်သတိပေးတဲ့ ပုံစံမျိုးပါပဲတင်းတင်းကြပ်ကြပ်သတိပေးတာပေါ့ နောက်တစ်ခေါက် မလုပ်ဖို့အတွက် သတိပေးတဲ့သဘောမျိုးပဲ ထမခိုက်တာတွေတော့မရှိဘူး”ဟု URF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဗန်းမော်EPC ရုံးအနေဖြင့်လွန်ခဲ့သည် မီတာမဆောင်သည့်နေအိမ်များ မီတာမဆောင်ပါက မီတာဘောက်ဖြုတ်သိမ်းခြင်း မီးဖြတ်ခြင်း တရားစွဲဆိုခြင်းများပြုလုပ်မည်ဖြစ်ကြောင်းအချက်များပါရှိသည့် သတိပေးစာများကို မေလလဆန်းပိုင်းတွင် ဖြန့်ဝေပေးခဲ့ပြီးနောက် ယခုလက်တွေ့လုပ်ဆောင်လာသောကြောင့်သတိပေးဖောက်ခွဲရခြင်းဖြစ်‌ကြောင်း သိရသည်။

အလားတူ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင်လည်းသတိပေးစာများ ဖြန့်ဝေထားကြောင်းသိရသည်။ ဗန်းမော် EPC လျှပ်စစ်ရုံးသည် ၂၀၂၁ခု နှစ်ကလည်း ဗုံးခွဲသတိပေးခံခဲ့ရပြီး ယခု ဒုတိယအကြိမ်ဖြစ်သည်။

Show More

Related Articles

Back to top button