သတင်း

မိုးတွင်းဝင်လာချိန် လိုင်ဇာမြို့တွင် ငှက်ဖျားကူးစက်သူများလာ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ငှက်ဖျားရောဂါပိုး ကူးစက်ဖျားနာသူ ယခုနှစ်အတွင်း စုစုပေါင်း ၅၀၁ ဦး ထိ ရှိပြီဖြစ်ကြောင်း လိုင်ဇာ ဗဟိုကျန်းမာရေးဌာနမှ သိရသည်။

လက်ရှိ မိုးရာသီကာလ မိုးရွာသွန်းမှုကြောင့် ခြင်ပေါက်ပွားမှု များလာပြီး ခြင်ကိုက်ရာမှ တစ်ဆင့် ဖျားနာသူများပြားလာကြောင်း လိုင်ဇာ ငှက်ဖျားရောဂါ ကာကွယ်စောင့်ကြည့်ရေးအဖွဲ့မှ Dr. Hkum Ja Dim က KNG ကို ပြောသည်။

“ကျမတို့ လိုင်ဇာဘက်မှာ မိုးရာသီဝင်လာလို့ ခြင်တွေကများ ခြင်က ပြန်ကိုက် ဖျားလို့ ဆေးစစ်ကြည့်တော့ ငှက်ဖျားပိုးတွေ့တယ်။ နွေကုန် မိုးတွင်းဘက်ရောက်လာတော့ ပိုအဖြစ်များလာတယ်။ စစ်ရှောင်စခန်းတွေမှာ ရော လိုင်ဇာမြို့ထဲမှာရော ငှက်ဖျားရောဂါ ဖြစ်လာတဲ့ ရာခိုင်နှုန်းများလာတယ်။ ဒီထက်ပိုပြီး ကူးစက်မှုမဖြစ်ဖို့ ကျမတို့အနေနဲ့လည်း လုပ်ဆောင်နေပါတယ်။” ဟု ဆိုသည်။

ငှက်ဖျားရောဂါကြောင့် ဖျားနာသူများတွင် အသက် ၁၅ နှစ်နှင့် အထက်ရှိသူများ၌ ပိုအဖြစ်များနေပြီး အသက် ၁ နှစ်ပြည့် ကလေးငယ်များတွင်လည်း ငှက်ဖျားရောဂါ ကူးစက်ဖျားနာမှု ရှိနေသည်။

လက်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားရောဂါကြောင့် ဖျားနာသူများသည် စခန်းတွင်းဖွင့်ထားသည့် ဆေးပေးခန်းတွင် ဆေးကုသခံယူရမည် ဖြစ်ကြောင်း သိရသည်။

“စစ်ရှောင်စခန်းတွေမှာတော့ ဆေးကို တစ်ခါတည်းမပေးလိုက်ဘူး။ IDP စခန်းကဆေးပေးခန်းမှာပဲ ဆေးကို အချိန်မှန်လာစားဖို့ လုပ်ပေးတယ်။ ဆေးကို ကိုယ့်ရှေ့မှာ တိုက်ပေးတယ်။ ခရီးထွက်ရမယ့်သူနဲ့ ကျောင်းတတ် နေတဲ့သူတွေကိုတော့ ဘယ်နှစ်ရက်စာဆိုပြီး ဆေးပေးလိုက်တယ်။” ဟု Dr.Hkum Ja Dim က ပြောပါသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် လိုင်ဇာမြို့နှင့် စစ်ရှောင်စခန်းများတွင် ငှက်ဖျားရောဂါပိုး ကူးစက်ဖျားနာသူ (၁၆၁) ဦး ၊ ဖေဖော်ဝါရီလတွင် (၆၂) ဦး ၊ မတ်လတွင် (၁၁၄) ဦး နှင့် ဧပြီလတွင် (၁၆၄) ဦးထိ ရှိခဲ့သည်။

လိုင်ဇာမြို့တွင် နေ့စဉ်နှင့်အမျှ ငှက်ဖျားရောဂါကြောင့် ဖျားနာသူများပြားလာတာကြောင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ လိုင်ဇာမြို့ပေါ် ရပ်ကွက်များနှင့် စစ်ရှောင်စခန်းများတွင် အသိပညာပေး ဟောပြောပွဲများပြုလုပ်လျှက်ရှိပြီး ခြင်ဆေးရည်များကိုလည်း လူနေအိမ်များသို့ လိုက်လံဖြန်းပေးနေကြောင်း သိရသည်။

Show More

Related Articles

Back to top button