တိုက်ပွဲသတင်း

ကသာ ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီတပ် ၂ ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိ

မိုးတားလေး ဆိပ်ကမ်းမှ ကသာမြို့ဘက်သို့ စုန်ဆင်းထွက်ခွာလာသည့် ​စစ်ကောင်စီ၏ ရိက္ခာတင် စစ်သင်္ဘော ၃ စီး သည် ယနေ့ ညနေပိုင်း နှစ်နေရာ ဆက်တိုက်တိုက်ခိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ်မှ သိရသည်။

အဆိုပါသင်္ဘောသုံးစီးကို မွန်းလွဲပိုင်း ၃ နာရီတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရေနီရွာနှင့် ဝဲကြီးရွာကြားတွင် ရှော့တိုက်ဒုန်း ၃ လုံးဖြင့် တစ်ကြိမ်၊ ညနေ ၄ နာရီခန့်တွင် KPDF နှင့် အရိပ်မဲ့ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ ကသာမြို့အဝင် နလယ်အင်းရွာအနီးတွင် တစ်ကြိမ် ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ အထိနာကာ ကသာမြို့ သဖန်းဆိပ်ကမ်းတွင် လူနာတင်ယာဉ်များဖြင့် သယ်ယူနေကြကြောင်း PDF များဖြင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

“သင်္ဘောသုံးစီးမှာ အနောက်ဆုံးအစီးရဲ့ ခေါင်းပိုင်းကို ရှော့ဒုန်းသုံးလုံး ထိမှန်သွားတယ်။ မီးခိုးတွေအူပြီး သင်္ဘောလည်ထွက်သွားတယ် အထွက်နားလေးမှာ တစ်ကြိမ် ကသာမြို့အဝင်မှာ တစ်ကြိမ် နှစ်ကြိမ်ပစ်ခတ်ခံရတော့ အထိနာလို့ ခုကသာဆိပ်ကမ်းမှာ လူနာတင်ယာဉ်ရောရော စစ်ကားနဲ့ပါ မြို့ထဲ သယ်ယူနေကြပြီ ” ဟု ဆိုသည်။

တိုက်ခိုက်ခံရသော သင်္ဘောသည် ညနေ ၅ နာရီခန့်တွင် ကသာမြို့ သဖန်းကိုင်းဆိပ်သို့ ဆိုက်ကပ်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများကို သင်္ဘောပေါ်မှ လူနာတင်ကား ၄ စီးဖြင့် သယ်ယူနေကြကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ယခုလို ဆက်ပြောသည်။

” သင်္ဘောမဆိုက်ခင် မနက်ကတည်းက သူတို့လမ်းတွေပိတ်ထားတယ်။ အခုသင်္ဘောဆိုက်တော့ လူနာတင်ယာဥ်တွေနဲ့ သူတို့သယ်နေတာ တွေ့ရတယ် သေဆုံးသူတင်တဲ့ နိဗ္ဗာန်ယာဥ်ဆိုတာတွေလည်းပါတယ် ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး ပြောသည်။

ထို့ပြင် ဇွန်လ ၆ ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင်လည်း ရေနီရွာနှင့် သံပုရာကုန်းရွာကြားတွင် သင်္ဘောလုံခြုံရေးအရ ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေတပ်မှ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် စောင့်ကြိုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဖက်မှ အထိနာသဖြင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ကျေးရွာ လူနေအိမ်တချို့ ထိမှန်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၄ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် မိုးတားလေးရွာအရှေ့ဘက် ငလူးတုံးရွာတွင် ခြေလျှင်စစ်ကြောင်းထိုးကာ ကျေးရွာလူနေအိမ်အချို့ ဖျက်ဆီးခဲ့ပြီး ရွာသားအချို့ ကို ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် ရေကြောင်းအသုံးပြုကာ စစ်အင်အား နှင့် ရိက္ခာများ ဖြည့်တင်းနေပြီး မတ်လ ၁၄ ရက်နေ့မှစကာ ကသာနယ်အထက်ပိုင်းသို့ စစ်အင်အား သိသိသာသာ အင်အားတိုးမြင့်လာကြောင်း ဒေသခံကာကွယ်ရေးတပ်များမှ သိရသည်။

Show More

Related Articles

Back to top button