သတင်း

မိုးမောက်တွင် အမျိုးသားတစ်ဦး မျှစ်ချိုးသွားစဉ် မိုင်းနင်းမိ၍ ခြေတစ်ဖက် ဖြတ်လိုက်ရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လုံဂျာကျေးရွာမှ အမျိုးသားတစ်ဦး တောထဲသို့ မျှစ်ချိုးသွားစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်သည် ဇွန်လ ၅ ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့ပြီး လုံဂျာကျေးရွာမှ ဦးအိုက်ခန့် ‘အသက် (၃၉) နှစ်သည် လုံဂျာတောင်ခြေသို့ မျှစ်ချိုးသွားစဉ် မိုင်းနင်းမိရာမှ ညာဘက်ခြေထောက်ဖြတ်ပစ်လိုက်ရကြောင်း ၎င်းနှင့် ရင်းနှီးသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“မိုင်းကဘယ်ဘက်ကဘယ်သူ ဘယ်ဝါထောင်ထားတာဆိုတာတော့မသိရဘူး။ သူကတောင်ပေါ်မှာ မျှစ်သွားချိုးရင်းနဲ့ဖြစ်ခဲ့တာတဲ့ သူပြောတဲ့ပုံစံအရဆိုရင်သူက မိုင်းနင်းမိပြီးမှသူတစ်ယောက်ထဲပြန်ဆင်းခဲ့တယ်။ ခြေမျက်စိအောက်ကနေပြတ်သွားတယ်။ သူမိုင်းနင်းမိတဲ့နေရာက ရွာကနေ ၄ မိုင်လောက်ဝေးတယ်လို့ပြောတယ်”ဟု ၎င်းနဲ့နီးစပ်သူအမျိူးသားတစ်ဦးက ပြောသည်။

လုံဂျာကျေးရွာသည် မိုးမောက်မြို့နဲ့ တစ်ဖာလုံခန့်ကွာဝေးပြီး လုံဂျာတောင်ခြေတွင်တည်ရှိသည်။

မိုင်းနင်းမိသည့် ယင်းအမျိုးသားသည် လတ်တလောဗန်းမော်မြို့ လေးမိုင်ရှိ စစ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

မိုးမောက်မြို့နယ်တွင် ယခင်နှစ်ကလည်း ယခုကဲ့သို့ အရပ်သားပြည်သူ မိုင်းနင်းမိသည့် ဖြစ်စဉ် မကြာခဏရှိခဲ့ကြောင်း သိရပြီး ယခုနှစ်တွင် ပထမဆုံးဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button