သတင်း

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း စစ်တပ်ပိုင် Mytel ဖုန်းအင်တာနက်လိုင်းများ ပြန်လည်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ ပြည်တွင်း ဖုန်းအော်ပရီတာများအားလုံး၏ အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့ပြီးနောက် ၎င်းတို့ပိုင် Mytel ဖုန်းအင်တာနက်လိုင်း တစ်ခုတည်းကိုသာ ပိတ်လိုက်ဖွင့်လိုက်ဖြင့်ပြုလုပ်နေပြီး ဧပြီလက ၁၀ ရက်ခန့်ကြာ ဖွင့်ပေးပြီး ပြန်ပိတ်သွားသည့်နောက် ယမန်နေ့က ပြန်လည် တဖန် ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ဆိုင်းတောင်ကျေးရွာ မှ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။

” ဇွန် ၂၄ ရက်နေ့ကပေါ့ အခုတော့အားလုံးနီးပါသုံးနေကြတယ်ဗျ မိုင်တဲတစ်ခုတည်းရတာတာကျန်တာတော့မရဘူးတဲ့။ လိုင်းကတော့ကောင်းတယ်ဗျ။ အခုတစ်ခေါက်ကတော့ Video call တွေဘာတွေတောင် ကောင်းကောင်း ပြောလို့ရတယ်” ဟု ဆိုင်းတောင်မှ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် ဖားကန့်မြို့ပေါ်တွင်သာ အဓိက လိုင်းရနေခြင်းဖြစ်ပြီး မြို့နဲ့အလှမ်းဝေးသည့်နေရာများတွင်မူ တာဝါတိုင် နှင့် စစ်ကောင်စီ တပ်စခန်းထိုင်ထားသည့် အနီးပတ်ဝန်းကျင်တွင်သာ လိုင်းရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

”ကျွန်မတို့ဘက်မှာတော့ မရဘူးရှင့် တချို့နေရာတွေမှာပဲရတယ်လို့ရတယ်။ ဟိုနေ့ကတော့ ဆန်းကြွယ်နဲ့ ကံစည်းဘက်မှာသုံး mytel လိုင်းသုံးလို့ရပြီလို့ မသိတွေဖုန်းတက်လာတယ် ကျွန်မတို့ဒီဘက်တော့မရဘူး” ဟု လုံးခင်း ကျေးရွာမှ အမျိုးသမီးတစ်ဦး ပြောသည်။

ဖားကန့်မြို့သည် ကချင်ပြည်နယ်တွင် ကာလ ကြာရှည်ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ထားခံရသည့် မြို့နယ်တစ်ခုဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အင်တာနက်အသုံးပြုလိုသူများက အင်တာနက်ရသည့်ဆိုင်များတွင် တစ်ရာရီ ကျပ်ငါးထောင် မှ ကျပ်တစ်သောင်းအထိပေးကာ ခက်ခက်ခဲခဲ အသုံးပြုနေရကြောင်း သိရသည်။

ထို့ပြင် ဖားကန့်မြို့နယ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း Mytel တာဝါတိုင်များ ၅ ကြိမ်ထက် မနည်း ဖောက်ခွဲခံရပြီး ဖြစ်သည်။

Show More

Related Articles

Back to top button