တိုက်ပွဲသတင်း

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ ယမန်နေ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၆ ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်ခန့်တွင် ၁၀၅ မိုင်ဘက်မှ နမ့်တောင်းဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ခမရ ၄၂၁ တပ်နှင့် MNDAA တပ်ရင်း ၅ တပ်တို့ နမ့်တောင်းရွာအနီး ဆွတ်ကြိုင်စက္ကူစက်ရုံနားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ည နေပိုင်း ၂ နာရီခွဲ ၃ နာရီ ဝန်းကျင်မှာ ဖြစ်တာ။ နှစ်ဘက်ထိခိုက်မှုကိုတော့ မသိရသေးဘူး။ စစ်ကောင်စီ ဗျူဟာကုန်းကပစ်လိုက်တဲ့လက်နက်ကြီး ၁ လုံးတော့ ပလောင်ရွာဘက်က လူနေအိမ် နည်းနည်းထိသွားတယ်။ ဒီဈေးဘက်ကျတော့ လယ်ကွင်းထဲမှာ ၁ လုံးကျတယ်။ မနောကွင်းနားက လယ်ကွင်းမှာလည်း ၁ လုံးကျတယ် ပြည်သူ‌ တွေအထိအခိုက်‌တော့မရှိဘူး” ဟု ဒေသခံတစ်ဦး က‌‌ ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်တောင်းကျေးရွာရှိနေအိမ်များအပြင် လယ်ကွင်းသို့ ကျရောက်မူများရှိလာသည့်အတွက် ဒေသခံပြည်သူများ စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်ရသည့်အပြင် စိုးရိမ်ထိတ်လန့်မှုရှိ‌‌နေကြောင်း ဒေသခံတစ်ဦးက လည်း ယခုလို ဆက်ပြောသည်။

“ကျနော်တို့တွေက ရွာထဲမှာ ဖြစ်တာ မလိုလားဘူး။ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်လို့ ပြည်သူတွေထိခိုက်တာ တခြားနေရာတွေမှာလည်း ကြားနေရတယ်လေ။ မနေ့က ဆိုရင် ရွာနီးနားတွေပဲလာကျတာ အဲဒါကြောင့်မို့ အရမ်းစိုးရိမ်တာ။ ရွာထဲမှာက ကိုယ်ထူကိုယ်ထ ပညာသင်ကျောင်းတွေလည်း အခုမှ စဖွင့်လာတာ။ သေနတ်သံတွေ ပြန်ကြားတော့ ကျောင်းသူ၊ ကျောင်းသားတွေလည်း ကြောက်လန့် စိုးရိမ်လာကြတယ်။ စိုက်ပျိုးရေး လုပ်ကိုင် စားသောက်ဖို့လည်း ခက်ခဲလာတယ်။ မနေ့ကတောင် လယ်တောထဲ ကောက်စိုက်နေတဲ့သူတွေ အားလုံး ပစ်ထားခဲ့ပြီး ထွက်ပြေးရတာ။ ဆွတ်ကျိုင်ယန် နားက ရွာခံတွေလည်း ခဏတော့ ထွက်ပြေးတိမ်းရှောင်လိုက်ရသေးတယ်။ သတိနဲ့ပဲ နေနေရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့ပြင် ဇွန်လ ၂၆ ရက်ည ၁၀ နာရီခန့်မှစကာ ည ၁၁ နာရီခွဲ ဝန်းကျင်အထိ မူဆယ် ၁၀၅ မိုင်၊ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၇ ကြိမ်ထက်မနည်း ပစ်ခတ်မူများလည်း ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ဒေသခံများအနေဖြင့် ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲမဖြစ်ကြရန် ကိုးကန့် MNDAA တပ်ထံ သွားရောက်တောင်းဆိုမူများရှိခဲ့သော်လည်း  ကိုးကန့် MNDAA တပ်အနေဖြင့် ရွာအနီးပတ်ဝန်းကျင် တိုက်ပွဲမဖြစ်ရန် ရှောင်ရှားနေသော်လည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု  ပြန်ပြောကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ပြည်ထောင်စု လမ်းမ အနီးအနားတွင် လတ်တလော စစ်ကောင်စီနဲ့ ကိုးကန့် MNDAA, စစ်ကောင်စီနဲ့ K.I.A တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလာနေ ကြောင်းဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button