သတင်း

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာရှိ ကျွဲ နွားတိရိစ္ဆာန်များတွင် အရေပြားပေါ် အဖုအကြိတ်ရောဂါတစ်မျိုး ဖြစ်ပွား နေသဖြင့် ယခုလအတွင်း နွားအကောင်ရေ ၂၀၀ ကျော်ခန့် ရောဂါကူးစက်ခံထားရပြီး သေဆုံးမှု ၁၀ ကောင်ကျော်အထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ကူးစက်ရောဂါသည် ပူတာအိုဒေသတွင် ဇွန်လအတွင်း စတင်ကူးစက်ပျံနှံ့လာခြင်းဖြစ်သည်ဟု လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။

“နွားရဲ့ကိုယ်ပေါ်မှာ အဖုဖုလေးတွေ အရင်ဖြစ်လာတယ်။ အဲ့အဖုလေးတွေက ကြာလာရင် အကြီးကြီး ဖြစ်လာတယ်။ ပြီးရင် အခွံပြန်ခွာသွားတယ်။ အဲ့နေရာမှာဘဲ အနာပြန်ပုပ်လာတယ်။ ခုခံအားရှိတဲ့ နွားနဲ့လည်းဆိုင်တယ်။ တစ်ချို့ခုခံအား မရှိတဲ့ နွားတွေဆို သေဆုံးသွားတယ်။ အခုက အိမ်တိုင်းလိုလို ဖြစ်နေတာ။ ဘယ်လောက် သေဆုံးနေတာလဲ အသေးစိတ် မသိရဘူး။ ရွာအတွင်းရဲ့ လမ်းမကြီးနဘေးတွေမှာ ဆို အပုပ်အနံ့တွေဘဲရတယ်။ အခုက အရမ်းဆိုးနေတယ်လို့ ပြောလို့ရတယ်” ဟု ပြောဆိုသည်။

အဆိုပါရောဂါနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ ဆေးဝါးများကို လုံလောက်စွာထောက်ပံ့ပေးရန်နှင့် ကူညီပေးရန် လိုအပ်ကြောင်း ဒေသခံတစ်ဦးက ယခုလို ဆက်ပြောသည်။

“အခုကျနော်တို့ရဲ့ နွားတွေမှာ ဖြစ်နေတဲ့ ရောဂါနဲ့ပတ်သက်ပြီး သေချာမသိဘူးဖြစ်နေတယ်။ ခါတိုင်းလည်း မဖြစ်ဖူးတော့ လူတွေမှာ ပြန်ကူးစက်လာမှာလည်း ကြောက်နေရတယ်။ အဲ့ကြောင့် သက်ဆိုင်တဲ့ ကျန်မာရေးဌာနဆိုင်ရာတွေနဲ့ အသိပညာကြွယ်ဝတဲ့ အဖွဲ့အစည်းတွေ အကူအညီတောင်းချင်တယ်။ ရောဂါဘာလို့ဖြစ်တယ်။ ဘယ်လိုမျိုးရောဂါဖြစ်တယ်။ ကွဲကွဲပြားသိချင်နေကြတယ်။ ဆေးဝါးတွေလည်း လုံလုံလောက်လောက် ရချင်ပါတယ်” ဟု ပြောဆိုသည်။

ပူတာအိုမြို့ တိရိစ္ဆာန်ကုသရေးအဖွဲ့မှ လုန်ရှာယန်ကျေးရွာအတွက် နွားကုသရန် ဆေးဝါးများ ကူညီပေးသော်လည်း လုံလောက်မှု မရှိသည့်အတွက် ဆေးဝါးကျွမ်းကျင်သော အဖွဲ့အစည်းအသီးသီးထံမှ ကူညီထောက်ပံ့မှုများ ပေးစေလိုကြောင်း ဆက်လက်တောင်းဆိုထားသည်။

အဆိုပါ နွားရောဂါဖြစ်ပွားမှုသည် ပူတာအို လုံရှာယန်ကျေးရွာအပြင် မြို့ပေါ် ကောင်ကထောင်၊ လေယာဉ်ကွင်း၊ ဒုတ္တတန် စသော ရပ်ကွက်အသီးသီးတွင်လည်း ဖြစ်ပွားနေသည်ဟု သိရသည်။

ထို့နောက် ပူတာအိုဒေသအပြင် မြစ်ကြီးနားနှင့် ဝိုင်းမော် နေရာတို့တွင်လည်း နွားအရေပြား ရောဂါကူးစက်မှုများ ကွက်ကျားဖြစ်ပွားလာကြောင်း ဝိုင်းမော်ဒေသခံတစ်ချို့၏ ပြောဆိုချက်မှ သိရသည်။

လက်ရှိ နွားအရေပြားရောဂါဖြစ်ပွားနေသော ဒေသအသီးသီးမှ ပြည်သူများသည် နွားမှတဆင့် လူထံသို့ ထပ်မံကူးစက်လာမည်ကို အထူးစိုးရိမ်နေကြောင်း ပြောဆိုပါသည်။

Show More

Related Articles

Back to top button