သတင်း

ရဝမ် လူငယ်အသင်း ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီ မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

ပူတာအိုမြို့တွင် ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသော ရဝမ်လူငယ်အသင်း ဥက္ကဋ္ဌ ဦး ဖုန်‌ရော့ဖီနန် (Hpungraw Hpyi Nang) ကို ဇွန်လ ၂၈ ရက် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီမှ ပူတာအိုမြို့နယ် တရားရုံတွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဦးဖုန်ရော့ဖီနန်ကို CDM ပြုလုပ်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ကို ထောက်ပံ့ပေးသည်ဟုဆိုကာ ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ သူ၏ နေအိမ်တွင် စစ်တပ်မှ လာရောက် ဖမ်းဆီးခဲ့ပြီးနောက် ၄ လအကြာ ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“ဘယ်သူက တရားလိုလုပ်ပြီး ဘယ်သူက စွဲတယ်ဆိုကာ အသေးစိတ် မပြောပြဘူး။ တရားခွင်မှာ ရုံးထုတ်စစ်ဆေးတိုင်း သူတို့ရဲ့ တရားလိုက တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတာ။ သူတို့က CDM ထောက်ပံ့မှု ၊ PDF ထောက်ပံ့မှုဆိုပြီး စွဲဆိုထားတာ ဟုတ်တယ်။ ဒီအမှုအတွက် မနေ့က တရားရုံးမှာ ထောင် ၁၀ နှစ်ချ မှတ်လိုက်တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ယခုလို ပူတာအို မြို့နယ်တရားရုံးမှ ဦးဖုန်ရော့ဖီနန်ကို အကြမ်းဖက်မှုတိုက်ခိုက်ရေး ဥပဒေ ၅၀ (ည) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်မှုသည် တရားမျှတမှုမရှိသည့် အမိန့်ချမှတ်မှုဖြစ်သည်ဟု သူက ဆက်ဆိုထားသည်။

“သူတို့ဘက်က CDM နဲ့ PDF တွေကို ထောက်ပံ့တယ်လို့တော့ပြောတယ်။ ဒါပေမယ့် ဒီအမှုကို စစ်ဆေးတုန်းကနေ ကျိုးလွန်ခဲ့တဲ့ အထောက်အထားတွေ မရှိဘူး။ မေးရင်လည်း တရားလိုဘက်က သေချာဖြေပေးတာမျိုးလည်း မရှိဘူး။ အခုလို ထောင်ဒဏ် ချမှတ်လိုက်တာက တရားမျှတမှု မရှိဘူးလို့ဘဲ ပြောချင်တယ်” ဟု ပြောဆိုသည်။

ဦးဖုန်ရော့ဖီနန်သည် စစ်ကြောရေးတွင် ၄ လကျော်အကြာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး တရားရုံးတွင် ၁၉ ကြိမ်ထက်မနည်း ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

ပူတာအိုမြို့နယ်တရားရုံးမှ ဦးဖုန်ရော့ဖီနန်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းသည် တရားမျှတမှုမရှိသည့် တရားစီရင်မှုသာ ဖြစ်ကြောင်း ပူတာအိုဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောဆိုထားသည်။

“ဖမ်းဆီး တရားစွဲဆို ထောင်ချတယ်ဆိုတာက တရားမျှတမှုမရှိတဲ့ မတရားမှုသာဖြစ်တယ်။ အခုကြုံတွေ့နေရတာကလည်း မနာလိုသူ ပြည်သူတစ်ချို့ရဲ့ လုပ်ရပ်ကြောင့်သာဖြစ်တယ်လို့မြင်တယ်။ ကျနော်တို့ ပြည်သူအချင်းအချင်းကြားမှာ မဖြစ်သင့်တာတွေဖြစ်လာတယ်။ အချင်းချင်းဘဲခံနေရတယ်။ ထောင် ၁၀ နှစ် ချလိုက်တော့ သူရဲ့ မိသားစုတွေအတွက် ပညာရေး ကျန်မာရေး ထိခိုက်သွားမယ်။ ဒါက မကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တယ်” ဟု ပြောဆိုသည်။

ဦးဖုန်ရော့ဖီနန်သည် ရဝမ်လူငယ်များအသင်း ဥက္ကဋ္ဌ တစ်ဦး ဖြစ်သလို၊ ပူတာအို နှင့် ခေါင်လန်ဖူးဒေသတွင် သတ္တုတူးဖော်မှု လုပ်ကွက်များ ရပ်တန့်သွားရန် ကန့်ကွက်သည့် ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် ဦးဖုန်ရော့ဖီနန်သည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သဖြင့် ပူတာအိုတွင် ပထမဆုံး ဖမ်းဆီးခံရသော လူငယ် ၅ဦးတွင် ပါဝင်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသူတစ်ဦး ဖြစ်သည်။

Show More

Related Articles

Back to top button