အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့များသည် အရပ်သား ၁၀ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုထဲတွင် ၁၅ နှစ်အောက်ကလေးငယ် လေးဦးအထိ ပါဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် ဝန်းသို့မြို့နယ် နမ်းခမ်း ကျေးရွာဘက်မှ အင်းတော် ကျောင်းကုန်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသည် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းသည် အင်းတော်မြို့နှင့် ကျောင်းကုန်းကြား တောလမ်းတွင် တွေ့သမျှ အရပ်သား ၁၀ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ ကိုးနှစ်အရွယ် နှင့် ဆယ်နှစ်အရွယ် ကလေးငယ်လေးဦးပါဝင်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။
“သူတို့က တောလမ်းကနေလာခဲ့တာ အဲ့မှာတောထဲက မျှစ်ချိုး မှိုရှာလုပ်နေ တဲ့ မန် ကျည်းပင်ရွာနဲ့ သစ်ပုံလွင်ရွာက ရွာသားဆယ်ယောက်ကိုဖမ်းသွားတာ အဲ့ထဲမှာ ကိုးနှစ်နဲ့ ဆယ်နှစ်အရွယ်ကလေးတွေ လေးယောက်ပါတယ်၊ ပြန်မလွတ်လာသေးဘူးလို့သိရတယ်”ဟု ပြောသည်။
အရပ်သား ဆယ်ဦးကို ကျောင်းကုန်းကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုကဲ့သို့ အရပ်သားများကို ဖမ်းဆီးခေါင်ဆောင်ခြင်းမှာ ၎င်းတို့အတွက်အကာကွယ်ရရန်နှင့် အထမ်းသယ်ရန်အတွက် ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က မိုင်းဆွဲခံရမှာကြောက်လို့ လမ်းမှာတွေ့တဲ့လူတွေကို လူသားဒိုင်းလို ပုံစံမျိုးခေါ် တာပြီးတော့ ပြီးတော့အသက်ကြီးတဲ့လူတွေကိုကျတော့ သူတို့ရဲ့အထုပ်အပိုးတွေသယ်ခိုင်းတာဗျ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အင်းတော်တွင် အရပ်သားပြည်သူများ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခံရမှုသည် ယခုနှစ် နှစ်ဆန်းပိုင်းကတည်း ကဖြစ်ကြောင်းသိရပြီး ဖမ်းဆီးခေါ်ဆောင်ခံရသည့်ပြည်သူအချို့မှာ ရိုက်နက်ခြင်း ဒူးထောက်ခံခြင်း နှင့် စစ်ဆေးမေးမြန်းခံရခြင်းများ ရှိနေကြောင်းသိရသည်။
ထို့ကြောင့် အရပ်သားပြည်သူများအနေဖြင့် အသွားအလာပိုမိုသတိထားသင့်ပြီး သွားလာမည်ဆိုပါကလည်း စစ်ကောင်စီတပ် စစ်ရေးလုပ်ရှားမှုအခြေအနေကို သေချာစုံစမ်းပြီးမှသာ သွားလာကြရန် အင်းတော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ မေလ ၃၁ ရက်နေ့ ၎င်းတို့၏ လူမူကွန်ယက်စာမျက်နှာတွင် အသိပေးထားသည်။