တိုက်ပွဲသတင်း

အင်းတော်နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ကြားတိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ ၉ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်က ၉ ဦးထက်မနည်း သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ များလည်းရှိကြောင်း ဒေသသတင်းအရင်းအမြစ် ထံမှသိရပါသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကသာဘက်မှ အင်းတော်ဘက်သို့ ခြေလျင်ဖြင့် စစ်ကြောင်း ၃ခုနှင့် ဝင်ရောက်လာသည့် အနက် အင်အား ၅၀ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းကို အင်းတော်နယ် အလယ်ဆိပ်ရွာအနီးတွင် ကသာခရိုင်တပ်ရင်း (၂) မြေပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ဖြင့် ၄နာရီခန့်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အင်းတော် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။

“မ‌နေ့က မနက်ပိုင်းမှာတော့ ယာဥ်တန်းကိုလုံခြုံရေးလာယူ‌ပေးဖို့ ကသာဘက်ကလာပြီး ရွာထဲထိဝင်လာတယ်။ မြေပြင်ကနေသတင်းပေးလာတော့ ကျနော်တို့အဖွဲ့က သွားတိုက်ဖို့သွားတာထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။ အင်းတော်နယ်အလယ်ဆိပ်ရွာအနီးတောထဲမှာ ဖြစ်တာပါ။ ကျနော်တို့​ရဲ့မျက်မြင်ကတော့ ၉ ယောက်လောက်ကျတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ အဲ့ဒီဒဏ်ရာရခဲ့တဲ့ သူတွေထဲကလည်း ထပ်သေတယ်လို့ကြားပါတယ်”ဟုပြောပါသည်။

အဆိုပါ စစ်ကြောင်း ၃ခုဖြင့် အင်းတော်ဘက်သို့ ဝင်ရောက်လာသော စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် မိုးညှင်းမှကသာဘက်သို့ ဆင်းသွားသည့် စစ်ကောင်စီ စစ်ကားအစီး ၃၀ ကျော်ပါသည့် စစ်ယာဥ်တန်းကို လုံခြုံရေးပေးရန်တက်လာသည့် စစ်ကြောင်းဖြစ်‌ကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးရန် တက်လာသော စစ်ကောင်စီတပ်သည် အင်းတော်နယ် အလယ်ဆိပ်ရွာအနီး တိုက်ခိုက်ခံလိုက်ရသည့်အတွက် စစ်တပ်ဘက်မှ ထပ်မံစစ်အင်အားဖြည့်တင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။

“သေဆုံးရုပ်အလောင်းတွေကိုတော့သူတို့ပဲပြန်ကောက်သွားတယ်။ ဘယ်ကိုပြန်သယ်ယူသွားလဲတော့မသိလိုက်ရဘူး။ သူတို့ဘက်ကတော့ လက်နက်ကြီးကော လက်နက်ငယ်တော့ အသုံးပြု တိုက်ခိုက်ခဲ့ပေမယ့် ဘာမှအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ကသာခရိုင်တပ်ရင်း (၂)မှ မြေပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းယမ်းပစ်ခတ်မှုကြောင့် ပင်သချေ ကျေးရွာမှ ပျဉ်ထောင်အိမ် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အစပ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်၏ စစ်ကြောင်းများအား ဒေသကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ မကြာခဏဆိုသလို စောင့်ကြိုတိုက်ခိုက်ကြပြီး တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် နေရာများဖြစ်သည်။

Show More

Related Articles

Back to top button