Fact Checkသတင်း

ကရင် တိုက်ပွဲတွင် ကျဆုံးသွားသော PDF ရဲဘော် ၁၁၅ ဦးအတွက် NUG ထောက်မည်ဆိုသော ကြေညာချက်အတု ကို စစ်တပ်ထောက်ခံသူများ လိုက်ဖြန့်နေ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဥကရစ်ထ တိုက်ပွဲတွင် ကျဆုံးသွားသော PDF တော်လှန်ရေးရဲဘော် ၁၁၅ ဦး နှင့် ဒဏ်ရာရ ရဲဘော် ၂၇၄ ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ KNU အဖွဲ့အား ထိုင်းဘတ်ငွေ ၁ သန်း ထောက်ပံ့ခဲ့သည်ဟူသော ထုတ်ပြန်ချက်အတု ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် Telegram တွင် စစ်တပ်ထောက်ခံသူများကို ဖြန့်ဝေနေသည်ကို တွေ့ရသည်။

အဆိုပါ ထုတ်ပြန်ချက်အတုကို  Kyaw Swar ဆိုသည့် Telegram Group တွင် ဇွန်လ ၃၀ ရက်နေ့ ရက်စွဲ့ဖြင့် ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

သတင်းလေ့လာဆန်းစစ်ချက်အရ အဆိုပါ ထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏တရားဝင် ဖေ့ဘွတ်စာမျက်နှာ “Ministry of Defence-National Unity Government of Myanmar” အပြင် အခြား သမ္မတရုံး နှင့် အစိုးရရုံး စာမျက်နှာများတွင်လည်း ဇွန်လ ၃၀ ရက်နေ့က ထိုသို့ ထုတ်ပြန်ချက်ကို ဖော်ပြထားခြင်း မရှိပါ။

ဇွန်လ ၂၆ ရက်နေ့က စတင်ပြီး ကရင်ပြည်နယ် မြဝတီတောင်ဘက် ဝေါလေ-ဥကရစ်ထကျေးရွာရှိ စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO ပူးပေါင်းတပ် တို့ကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။

ကရင်ပြည်နယ်အတွင်း သတင်းများကို တင်ဆက်နေသော Karen Information Center တွင်လည်း တော်လှန်ရေး ရဲဘော် ၁၁၅ ဦး သေဆုံးကြောင်း နှင့် အယောက် ၂၇၄ ဒဏ်ရာရရှိကြောင်း ရေးသားထားခြင်းမရှိပါ။

ထို့အပြင် တိုက်ပွဲနှင့် ဆက်စပ်သော အတည်မပြုနိုင်သောသတင်းများကို ဖြန့်ဝေခြင်းမပြုရန် တိုက်ပွဲဝင်သော KNDO ဘက်ကမှလည်း ဇွန်လ ၂၉ ရက်နေ့ ထုတ်ပြန်ထားပါသည်။

အလားတူ ထုတ်ပြန်ချက်တစ်ခုကို ဇွန်လ ၂၉ ရက်နေ့ကလည်း သူရအောင်နှင့် Try To Gether facebook အကောင့်တွင် ဖြန့်ဝေခဲ့ကြသည်။

ယခုလို ကာလများတွင် တိုက်ပွဲသတင်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် သက်ဆိုင်သော သတင်းတု၊ သတင်းမှား များကို စစ်ကောင်စီဘက်တော်သားများမှ ဝါဒဖြန့် ဖြန့်ချီမှုများရှိနေသည်ကို တွေ့ရသည်။

“ယခုကဲ့သို့ တော်လှန်ရေးပုံပျက်စေရန် လုပ်ကြံဖန်တီး ဖြန့်ချီနေသည့် သတင်းမှားပါဝင်သည့် လုပ်ရပ်မျိုးမှာ အမျိုးသားညီညွတ်ရေးအစိုးရ စွဲကိုင်ဆောင်ရွက်လျက်ရှိသော မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှု မရှိသော လုပ်ရပ်များဖြစ်သောကြောင့် NUGအစိုးရအနေဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည် မဟုတ်ပါ” ဟု သတင်းတု သတင်းမှားများနှင့်ပတ်သက်ပြီး ဇွန်လ ၃၀ ရက်နေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရရုံး မှ ကြေညာချက်အမှတ် (၁၃/၂၀၂၂) ဖြင့် ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သတင်းများကိုဖတ်ရှုရာတွင် သက်ဆိုင်ရာဌာနများတွင် တရားဝင်ဖော်ပြထားခြင်းရှိ မရှိနှင့် ဒေသတွင်း မီဒီယာများ၏ တင်ပြမှုများမှတဆင့်လည်း ကြည့်ရှုစစ်ဆေးကာ ယုံကြည့်သင့်ပါသည်။

Show More

Related Articles

Back to top button