သတင်း

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် သုံးကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂ခု ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ ၄နာရီမှစတင်ကာ ယမန်နေ့အထိ ဒီပဲယင်းမြို့ နယ် ဆပ်ပြာကျင်းဘုတ်ရွာနဲ့ ကြည်ကျေးရွာအနီးတစ်ဝိုက်တွင် Mi-35 နှစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနှစ်ရွာမှ ဒေသခံများ ၂၀၀ နီးပါးခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က KNG သို့ ပြောသည်။

“ရွာဘေးနား ပတ်ချာလည်မှာပစ်သွားတာဗျ ထိခိုက်တာတွေတော့မရှိပါဘူး။ လက် နက်ကြီးဗုံးသီးငါးလုံးချတယ် စက်လက်ကြီး နှစ်ဘောက်ဆွဲသွားတယ် ဆပ်ပြာကျင်းဘုတ်နဲ့ကြည်ရွာကတော့ဘေးလွတ်ရာပြေးနေတယ်ဗျ နီးစပ်ရာရွာတွေမှာတိန်းရှောင်နေတာရွာပြန်မကပ်နိုင်သေးဘူး”ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဆပ်ပြာကျင်းဘုတ်ကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်နှင့် ကြည်ကျေးရွာသည် အိမ် ခြေ ၁၀၀ နီးပါးရှိသည့် ကျေးရွာတို့ဖြစ်ကြောင်းသိရသည်။

“ဆပ်ပြာကျင်းဘုတ်ရွာနားတစ်ဝိုက်မှာတော့ စစ်သားတွေရှိနေဆဲဗျ မနေ့က လေယာဥ်နဲ့အင်းအား ၆၀ ကျော်လာချသွားတယ် အဲ့နားမှာ လှည့်လှည်နေတော့ ရွာသားတွေကရွာမကပ်နိုင်ပဲ တစ်ရွာကနေတရွာ အဆင့်ဆင့်ရှောင်နေရတာ တခြားအခက်အခဲမရှိပေမယ့်လူများတော့ အစားအသောက်နဲ့ နေရာထိုင်ခင်းအခက်အခဲ ဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ဆပ်ပြာကျင်းဘုတ်ကျေးရွာအရှေ့ တောင်ဘက်တွင် စစ်ကောင်စီတပ်အင်အား ၆၀ ကျော်က လှည့်လည်ကာစစ်ကြောင်းထိုးနေမှုကြောင့် ယနေ့ ၂နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကြား ၁၀ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ နောက်မဆုတ်ပါက တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပြောဆိုထားသည်။

စစ်ကောင်စီဘက် လေကြောင်းလိုင်းဖြင့် လာရောက်တိုက်ခိုက်မှုသည် ဆပ်ပြာကျင်းဘုတ်နှင့် ကြည်ရွာအနီးတစ်ဝိုက် ပြည်သူ့ကာကွယ်ရေးတပ်စခန်းရှိသည့်ဘက်ကို ဦးတည်ကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button