သတင်း

ချောင်းဦးနှင့်ဒီပဲယင်းမြို့နယ် ၂ခု၏ မီးဘေးသင့် ပြည်သူတစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ် ၂ခုအတွင်းရှိသော ကျေးရွာ ၃ ခု၏ မီးဘေးသင့်ပြည်သူများ တစ်ထောင်ကျော်အတွက် မိုးကာနှင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်း ထိုမြို့နယ် ၂ခုတွင် မီးဘေးသင့်ပြည်သူများကိုကူညီဆောင်ရွက်ပေးနေသော အမေ့ခြေရာပရဟိတအသင်း တို့မှသိရပါသည်။

စစ်ကောင်စီတပ်သည် ဇွန်လ၁၄ရက်နေ့တွင် ချောင်းဦးမြို့နယ် တောကျောင်းလေးရွာမှ လူနေအိမ် ၁၀၀ ခန့်နှင့် ဒီပဲယင်းမြို့နယ်မှ မူးကမ်းကြီး နှင့် အရှေ့ဆူးတပ် ကျေးရွာ ၂ခု၏ လူနေအိမ် ၁၅၈ အိမ်ခန့်အား မီရှို့ဖျက်စီးခဲ့သည့်အတွက်ကြောင့် လက်ရှိတွင် မီးဘေးသင့်ပြည်သူများ ယာယီခိုလှုံရန်နှင့် အစားအသောက်များ လိုအပ်နေသည်ဟု အမေ့ခြေရာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။

“မီးဘေးသင့်ကြတယ် ဆိုတော့ ဘာမှကိုမယူနိုင်လိုက်ကြဘူး။ အခုအရေးပေါ်လိုအပ်တာကတော့ ဆီရယ် ဆန်ရယ် မိုးကာရယ်။ ဘာလိုလဲဆိုတော့ ကျနော်တို့မှာ မိုးကျနေပြီ။ အားလုံးက တောထဲမှာနေရကျတော့ မိုးကာက အရေးပေါ်လိုအပ်နေတယ်။ နောက်ပြီးတော့ ဆီ ဆန်က ချောင်းဦးမြို့နယ်ကနေ ထောက်ပံ့နေတယ်။ ကျနော်တို့က တစ်ရက်ကိုဆန်တင်းရေ ၂၀ လောက်ရှိမှ လုံလောက်မှာဖြစ်တယ်။ ဆီဆို တစ်ရက်မှာ ၁၀ ပိဿာပုံး ၅ပုံးနဲ့ ၁၀ပုံးကြားရှိတယ်”ဟုပြောဆိုသည်။

လက်ရှိ ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ် ၂ခု၏ မီးဘေးသင့် ပြည်သူ တစ်ထောင်ကျော်ခန့်အတွက် ယာယီတဲများဆောက်လုပ်ရန် အခက်အခဲရှိနေသဖြင့် ကျေးရွာအတွင်းရှိသော ဘုန်းကြီးကျောင်းများ နှင့် ဆွေမျိုးသားချင်းအိမ်များတွင် ခိုလှုံနေရကြသည်ဟု သိရသည်။

အဆိုပါ မီးဘေးသင့် ပြည်သူများသည် ယခင်နှစ်တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး စုဆောင်းထားသော စပါးကျီများနှင့် အိမ်မွေးတိရစ္ဆာန်များသည်လည်း ကျေးရွာမီးရှို့ခံရမှုတွင် ပါသွားသည့်အတွက်ကြောင့် စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာသည်ဟု နောက်ထပ် ဒီပဲယင်းထောက်ပံ့ရေးအဖွဲ့ ပြောပြချက်မှသိရသည်။

တောကျောင်းလေးကျေးရွာသည် စစ်ကောင်စီတပ် လက်ချက်ဖြင့် ၄ကြိမ်မြောက်အထိ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး မူးကမ်းကြီးနှင့် အရှေ့ဆူးတပ် ကျေးရွာ ၂ခုသည် မီးရှို့ခံရမှု ပထမအကြိမ်ဖြစ်ပြီး ဒီပဲယင်းမြို့နယ်အတွင်း အကြီးဆုံးမီးရှို့ခံခဲ့ရသည်ဟု ဆက်လက်သိရပါသည်။

Show More

Related Articles

Back to top button