စစစ ရုံးရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) ရုံးသို့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများမှ သိရသည်။
ဇူလိုင်လ ၅ ရက် ည ၈နာရီဝန်းကျင်တွင် စစစ ရုံးအနီး စစ်ကားတစ်စီး ဝင်ရောက်လာချိန် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း အနီးပတ်ဝန်းကျင်မှ ဒေသခံတစ်ဦး ယခုလိုပြောသည်။
” ၈နာရီ မထိုးခင်ပေါက်ကွဲသံ၂ချက် အရင်ကြားရတယ်။ အဲနောက်တစ်ကြိမ်ထပ်ကွဲတာတော့ စစ်ကားတစ်စီး အဲ့ရုံးရှေ့မှာအရောက် ကွက်တိမိုင်းတစ်လုံးထပ်ကွဲသံကြီးကြားလိုက်တာ အိမ်တောင်တုန်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ပြောဆိုချက်အရ စစ်ကားမိုင်းခွဲခံရမူတွင် ထိခိုက်သေဆုံးမူရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ (စစစ) ရုံးရှေ့ပေါက်ကွဲမှု မဖြစ်ခင် လက်နက်ကြီးသံ ၂ ချက်ကြားခဲ့ရပြီး ပေါက်ကွဲမူဖြစ်ပြီးနောက်တွင်လည်း လက်နက်ကြီး ၂ ချက် ထပ်မံကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။
ပေါက်ကွဲမူဖြစ်ခဲ့သည့် အေးမြသာယာရပ်ကွက်တွင် လက်နက်ကြီးကျည်စများ အနီးပတ်ဝန်းကျင်ရှိနေအိမ်များသို့ ထိမှန်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရသူပြည်သူ ၂ ဦးရှိကြောင်းသိရသည်။
သို့သော် ထိခိုက်ဒဏ်ရာရရှိသူ မည်မည်ဝါဖြစ်ကြောင်း KNG သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ထို့ကြောင့် ယနေ့ မြစ်ကြီးနားမြို့အဝင်အထွက်ကားများ အိမ်စီးကား၊ အုတ်ခဲတင်ကားပါ မကျန် စစ်ကောင်စီတပ်ဘက်မှ စစ်ဆေးနေကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်တွင် ဇွန်လမှ ဇူလိုင် ၆ ရက်နေ့ထိ စစ်ကောင်စီတပ် ပစ်ခတ်ခံရမူနှင့် စစ်ကောင်စီရုံးများတွင် ပေါက်ကွဲမှု စုစုပေါင်း ၄ ကြိမ်ထိရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်ခံရမူ ပေါက်ကွဲမူများသည် ဇွန်လ ၂ရက်နေ့ သီတာဝန်ထမ်းအိမ်ယာတွင် တစ်ကြိမ်၊ ဇွန်လ ၁၈ ရက်နေ့ မပခ လေတပ်ဝင်းအတွင်း တစ်ကြိမ်၊ ဇွန်လ ၁၉ ရက်နေ့ မြစ်ကြီးနား တန်ဖရဲရွာအနီးတစ်ကြိမ်နှင့် ဇူလိုင်လ ၆ ရက်နေ့ (စစစ) ရုံးရှေ့တစ်ကြိမ် စုစုပေါင်း ၄ကြိမ်ထိရှိလာပြီဖြစ်သည်။