သတင်း

စစ်ရှောင်၊ CDM နှင့် မသန်စွမ်းများကို ထောက်ပံ့နိုင်မည့် Click Application တစ်ခု အကောင်ထည်ဖော်နေ

စစ်ရှောင်ပြည်သူများ နှင့် CDM ဝန်ထမ်းများကို ငွေကြေး ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည့် Application တစ်ခုကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ မှ အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် အသက်မွေးဝမ်းကျောင်း ကြပ်တည်းလာသော ကချင်ပြည်နယ်အတွင်း စစ်ရှောင်များ နှင့် CDM ဝန်ထမ်းများ၊ မသန်စွမ်းသူများကို ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် N-wallet ခေါ် အပလီကေးလ်ရှင်း (Application) တစ်ခု အသုံးပြုကာ Click ခြင်းဖြင့် ပါဝင်ကူညီနိုင်မည့် နည်းလမ်း ပြင်ဆင်နေကြောင်း မြစ်ကြီးနားတက္ကသိုလ် ကျောင်းသား သမဂ္ဂ ယာယီဥက္ကဌ က ပြောသည်။

“ကျနော်တို့ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ နဲ့ N-Project ပူးပေါင်းပြီး ကချင်ပြည်က စစ်ရှောင်တွေကို ကူညီနိုင်ဖို့ လုံခြုံတဲ့ငွေကြေး စနစ်ကို အသုံးပြုပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါက ကိုယ်တိုင် Click ပြီး ပါဝင်လှူဒါန်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်။” ဟု ပြောသည်။

လက်ရှိတွင် အပလီကေးလ်ရှင်း ကို စမ်းသပ်နေဆဲဖြစ်ပြီး ယခုလအတွင်း ပြည်သူလူထု ထံ ချပေးသွားဖို့ ပြင်ဆင်နေကြောင်း ဆက်ပြောသည်။

ပြည်သူများအနေဖြင့် အင်တာနက် ရရှိရုံဖြင့် N-wallet ကို အသုံးပြုကာ စစ်ရှောင်များအတွက် ပါဝင်ကူညီထောက်ပံ့နိုင်သည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။

အင်တာနက် ရရှိသော နေရာဒေသအသီးသီး မှ ပြည်သူများ အသုံးပြုကာပါဝင်နိုင်ပြီး Application ကတော့ Android ဖုန်းအမျိုးအစားများနဲ့ IOS ဖုန်းအမျိုးအစားများအတွက် ဒေါင်းလ်လုတ်ယူ အသုံးပြုလို့ရနိုင်ကြောင်း ပြောသည်။

အသုံးပြုပုံကို မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ Facebook Page မှ မကြာမှီ ထုတ်ပြန်ပေးသွားမည် ဟု သိရသည်။

“ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်ရှောင်တော်တော် များများရှိတယ်။ သူတို့အတွက် တနိုင်ငံလုံးရဲ့အင်အား၊ ပြည်နယ်တွင်းက လူထုအင်အား အများကြီးလိုတယ်။ ဘာလို့ဆို့ တော်လှန်ရေးမှာလည်း အခုလို Click တဲ့ နည်းနဲ့ တော်လှန်ရေးအတွက် အများကြီး လုပ်နိုင်ပြီ။ ဒါကြောင့် စစ်ရှောင်တွေအတွက်လည်း Click နဲ့ ပါဝင်ဖို့ လိုအပ်တယ်။ ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့ စစ်ရှောင်တွေအတွက် ပါဝင်ပေးကြပါ။ ကချင်ပြည်က ပြည်သူလူထုကလည်း ဒီဟာကို မျှဝေပေးပါ။ အသုံးပြုပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် လက်ရှိစစ်ရှောင်ပြည်သူ ၁ သိန်းဝန်ကျင်ခန့်ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button