သတင်း

အင်းတော်မြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အနောက်ဘက်ခြမ်းကျေးရွာအများစုတွင် စစ်ကောင်စီတပ်မှ ဩဂုတ်လဆန်းပိုင်းအတွင်းမှစတင်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ကြောင်း သိရသည်။

အင်းတော်မြို့နယ် အနောက်ဘက်ခြမ်း မော်တိတ်ဒေသဘက်တွင် ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ ယနေ့ နံနက်ပိုင်းအထိ KIA ၊ PDF နှင့် စစ်ကောင်စီတပ်တို့ကြား ၄ ရက်ကြာ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ဖုန်းလိုင်းများ အားလုံး ပျက်တောက်နေကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“တိုက်ပွဲ ကတော့အဲ့ ဇူလိူင် ၃၀ ရက်နေ့ကစဖြစ်တာ ဒီနေ့မနက်ထိ နေ့တိုင်းလိုမျိုး ဖြစ်နေတာ။ အဲ့ကြောင့်ကျနော်တို့ တိုက်ပွဲ ဖြစ်နေတဲ့ အနောက်ဘက် အနီးဝန်းကျင်ရွာတွေအားလုံး ဖုန်းလိုင်းဖြတ်ခံရတာ”ဟုပြောဆိုသည်။

ဖုန်းလိုင်းဖြတ်တောက်ထားခံရသည့် အပိုင်းမှာ အဓိက အင်းတော်အနောက်ဘက်ခြမ်း မော်တိတ်ဘက်ဖြစ်ပြီး အင်းတော်မြို့နယ်၏ လေးပုံတစ်ပုံခန့် ဖြစ်သည်။

“ရွာတွေကတော့အများကြီးပါသွားတယ်။ ဘယ်ရွာဘယ်ရွာတွေဆိုတာကတော့ လုံခြုံရေးအရ ဖော်ပြလို့ အဆင်မပြေသေးဘူး။ အနောက်ဘက်ခြမ်းလို့ပဲပြောရမှာပေါ့။ အရှေ့ဘက်ခြမ်းမှာလည်း လိုင်းက ပုံမှန်မဟုတ်တော့ဘူးတဲ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ။ မြောက်ခြမ်းနဲ့တောင်ခြမ်းပြီးရင် အင်းတော်မြို့ထဲလောက်ပဲ ဖုန်းလိုင်း ကောင်းတော့တယ်”ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်လိုက်သည့်အတွက် ဒေသခံ ပြည်သူများလည်း ဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

“ဖုန်းအင်တာနက်လိုင်းမရတဲ့ အပြင်ဖုန်းလိုင်းပါ ဖြတ်ခံရတော့ဒေသခံတွေက အတော်ခက်ခဲသွားပြီ။ တိုက်ပွဲတွေက နေ့တိုင်းလိုဖြစ်နေတာ ဟိုရွာနဲ့ ဒီရွာဆက်သွယ်က မရဆိုတော့ ဘယ်လိုပြောရမလဲ။ သတင်းအမှောင်ဖုံးသွားတာပေါ့ အဲ့ကြောင်း တခုခုအကြောင်းရှိတယ် အရေးကြီးတယ်ဆိုရင် အင်းတော်မြို့ထဲဘက် လေးမိုင် ငါးမိုင်လောက်ဝေးတဲ့ နေရာလိုင်းရတဲ့နေရာကိုသွားပြီး ဖုန်းဆက်ရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်းတော်မြို့နယ် အနောက်ဘက်မော်တိတ်ဘက်တွင် စစ်ကောင်စီတပ် တပ်မ ၈၈ လက်အောက်ခံတပ်ရင်း စစ်ကြောင်း နှင့် KIA၊ PDF တို့သည် ဇူလိုင် ၃၀ ရက်နေ့မှ စတင်ကာ နေ့စဉ် ထိတွေ့တိုက်ပွဲနှင့် ခြုံခိုတိုက်ခိုက်ခံရမှုများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အထိနာကြောင်းလည်း သိရသည်။

တိုက်ပွဲ ၄ ရက်တာ အချက်အလက်ကို နယ်မြေလုံခြုံရေးအရ ထုတ်ဖော်ပြောကြားပေးနိုင်မည် မဟုတ်ကြောင်းလည်း အင်းတော် PDF မှ သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များကို ၂၀၂၂ မတ်လမှ စတင်ကာ ဖုန်းအင်တာနက်လိုင်းများ အားလုံး ဖြတ်တောက်ထားခဲ့ပြီး အချို့မြို့နယ်များတွင် ယခုကဲ့သို့ ဖုန်းလိုင်းများပါ ဖြတ်တောက်ထားဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button