စစ်ပြေးဒုက္ခသည်များသတင်း

ဖားကန့် ဆယ်ဇင်းတွင် စစ်ကောင်စီ ရှိနေသေးသဖြင့် ထွက်ပြေးနေရသော ဒေသခံများ နေရပ်မပြန်သေး

ဖားကန့်မြို့နယ် ဆယ်ဇင်း ကျေးရွာတွင် စစ်ကောင်စီ တပ်စွဲနေထိုင်သောကြောင့် ဟောင်ပါး၊ တာမခံ နှင့် နတ်ရေတောင် ကျေးရွာများသို့ ထွက်ပြေးနေကြသော ဆယ်ဇင်း ဒေသခံများသည် နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ဇူလိုင် ၁၈ ရက်နေ့မှ စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ဆယ်ဇင်း ဒေသခံ ၄၀၀ ကျော်သည် တာမခံ ၊ ဟောင်ပါးနှင့် နတ်ရေတွင်းကျေးရွာများတွင် ရောက်ရှိနေကြသည်ဟု စစ်ရှောင်များကို ကူညီပေးနေသော အမျိုးသားတစ်ဦး က KNG သတင်းဌာနကိုပြောသည်။

“သူတို့က ဇူလိုင် ၂၁ ရက်နေ့က နေစပြီး စစ်ရှောင်လာကြတာအခုဆို ရက်ပေါင်း ၁၀ ကျော်လောက်ရှိပြီ။ တိုက်ပွဲ ကတော့ ဒီရက်ပိုင်းဖြစ်ပွားတာမရှိပါဘူး။ သို့ပေမယ့် စစ်ရှောင်တွေက နေရပ်မပြန်နိုင်ကြသေးဘူး။ ရွာထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ် ရွာထဲက ကျန်နေတဲ့လူတွေလည်း ပြန်ထွက်လို့မရဘူး”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။

စစ်ရှောင်များသည် တာမခံ KBC ဘုရားကျောင်း၌ ၄၉ ဦး၊ AG ခရစ်ယာန်ဘုရားကျောင်း၌ ၂၁ ဦး နှင့် မူကြိုကျောင်းတွင် ၁၆၅ ဦး ၊ နတ်ရေတွင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ၆၀ ဦး၊ ဟောင်ပါး တောင်ဘုန်ကြီးကျောင်း၌ ၁၀၀ ကျော် နှင့် ဆွေမျိုးများ နေအိမ်တွင် ၅၀ ကျော် စုစုပေါင်း ကျေးရွာသုံးရွာ၌ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော် မှီတင်းခိုလှုံနေပြီး နေရပ်ပြန်နိုင်ရေး အခက်အခဲဖြစ်နေသေးကြောင်း စစ်ရှောင် ပြည်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“တိုက်ပွဲတော့ ဒီရက်ပိုင်း မဖြစ်ပေမယ့် ရွာထဲမှာစစ်သားတွေရှိတယ်။ အနီးဝန်ကျင်မှာလည်း KIA နဲ့ PDF တွေ ရှိတော့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်။ ပြန်တဲ့လူတချို့တော့ရှိတယ် စစ်ကောင်စီက ရွာထဲအဝင်မခံသလို ဒီ KIA PDF ဘက်ကလည်း မလာခိုင်းဘူး ပြန်ခိုင်းတယ်။ အခြေအနေမငြိမ်သေးလို့တဲ့”ဟု ဟောင်ပါးကျေးရွာတွင် ရောက်နေသည့် စစ်ရှောင်အမျိူးသမီးတစ်ဦးက ပြောသည်။

ဆယ်ဇင်းကျေးရွာသည် လူဦးရေ ၂၀၀ ခန့်ရှိပြီး လတ်တလောကျေးရွာတွင်း ပိတ်မိနေသည့်ပြည်သူ ၁၀၀၀ ကျော်ရှိသည်။ အဆိုပါ ပိတ်မိနေသည့် ပြည်သူများကို စစ်ကောင်စီတပ်က ပြန်မထွက်ခိုင်းကြောင်းသိရသည်။

လတ်တလော စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်၏ စားဝတ်နေရေးကို သက်ဆိုင်ရာကျေးရွာရှိ ပြည်သူများက တာဝန်ယူ ဖြေရှင်းပေးနေသောကြောင့် အခက်အခဲမရှိသေးသော်လည်း ရေရှည်ဖြစ်လာမည်ဆိုပါက အခက်တွေ့နိုင်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိူးသမီးတစ်ဦးက KNG ကိုပြောသည်။

“၂၁ ရက်နေ့ကနေကျွန်တော်တို့က သူတို့ကိုလက်သင့်ခံထားတာပေါ့ သူတို့ကတော့အခုလောလောဆယ် ကိုယ်ရွာကိုယ့်ဒေသက အလှူရှင်လေးတွေနဲ့ပဲ တာဝန်ပြီးထိမ်းသိမ်းထားတယ်။ စားရေး သောက်ရေးနေရေးထိုင်ရေး ကတော့ အဆင်ပြေတယ်။ သို့ပေမယ့် ရေရှည်ကြီးဒီတိုင်းဆက်သွားမယ်ဆိုရင်တော့ အခက်အခဲဖြစ်လာမယ်”ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တာမခံ ဟောင်ပါး နှင့် နတ်ရေတောင်တွင်ရောက်နေသည့် စစ်ဘေးရှောင်များသည် ဆယ်ဇင်းကျေးရွာမှ အများဆုံးဖြစ်ပြီး အနည်းစုမှာ ဆယ်ဇင်းကျေးရွာအနီး မှော်များတွင်တဲထိုးနေသည့် ပြည်သူများ ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးတွင် ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက ဖုန်းအင်တာနက်လိုင်းများ ပိတ်ခဲ့ပြီး ယခု တစ်နှစ်ပြည့်ပြီ ဖြစ်သည်။

Show More

Related Articles

Back to top button