သတင်း

ကသာနယ်တွင် အရပ်သား ပြည်သူ ၁၃ ဦးခန့် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာမှ ဒေသခံ အရပ်သားပြည်သူ ၁၃ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။

သြဂုတ်လ ၃ ရက် ယမန်နေ့နံနက် ၉ နာရီဝန်းကျင် စစ်အင်အား ၃၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ကသာဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေမော်တော်ဖြင့်တက်လာကာ ကျောက်ထုံးကြီးတိုက်နယ် ကျေးရွာတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောဆိုသည်။

“မနက် ၅ နာရီလောက်ကတည်းက ကသာဘက်ကနေ သံခွန်မော်တော်နဲ့ ကူးလာတာ ပျူစောထီးနဲ့ ဒလန်တွေပါ ပါတယ်လို့ သိရတယ် ရွာထဲဝင်ပြီး အိမ်ထဲဝင်ဖမ်းသွားတာ”ဟုပြောဆိုသည်။

စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်တစ်ခုအတွင်းမှ မိခင်အပါအဝင် သမီး၊ သား၊ ချွေးမအစသည့် မိသားစုဝင် ၄ ဦးအပြင် လမ်းသွားလမ်းလာ ပြည်သူအချို့ကိုဖမ်းဆီးသွာကြောင်းသိရသည်။

“အခုဖမ်းခံရတဲ့ မိသားစုက PDF နဲ့ ပကဖ လည်းမဟုတ်ဘူးဗျ ဒလန်သတင်းပေးလို့ဆိုပြီး ဝင်ဖမ်းတာ။ ဖအေလုပ်တဲ့သူတော့ အိမ်မှာမရှိလို့ ပါမသွားဘူး။ မိသားစုဝင် ၄ ယောက် ပြီးတော့ လမ်းမှာတွေ့တဲ့သူတွေပါ အားလုံး ဖမ်းသွားတာ ၁၃ ယောက်‌လောက်ဟုတ်တယ်”ဟု သူကဆက်လက်ပြောဆိုသည်။

ဖမ်းဆီးခံရသူများ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရကြောင်း သိရသည်။

ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၌ တည်ရှိပြီး အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိသည်။

Show More

Related Articles

Back to top button