တိုက်ပွဲသတင်း

စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာရှိ ရဲစခန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ပစ်ခတ်မူ‌ကြောင့် အရပ်သား ပြည်သူ ၃ ဦး ကျည်ထိမှန်ခဲ့‌ကြောင်း SNAKE EYES PDF အဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂ ရက်နေ့ ဆိပ်ခွန်ကျေးရွာ ရဲစခန်းတွင် အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ရွာအတွင်း ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ဒေသကာကွယ်ရေးတပ်များ စုပေါင်းကာ ဇူလိုင်လ ၃ ရက်နေ့တွင် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၃ ဦး ကျည်ထိမှန်ထားကြောင်း SNAKES EYES PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သူတို့က ရွာထဲမှာ ဆန္ဒပြတဲ့ပြည်သူတွေကို လိုက်ဖမ်းတာ အဲ့တာကြောင့် ကျနော်တို့က ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တာ ညနေပိုင်း၂နာရီလောက်ပေါ့။ သူတို့ဘက်က အထိအခိုက်အကျအဆုံးစာရင်းကိုတော့ အတိအကျမသိပေမယ့် ထိခိုက်မူတွေတော့ရှိနိုင်တယ်”ဟုပြောဆိုသည်။

လက်နက်ကြီး ကျည်ထိမှန်သူများမှာ အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးဖြစ်ပြီး အမျိုးသားမှာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ဘက်က ည ၇ နာရီလောက်ကနေ ၉ နာရီအထိ ဆိပ်ခွန်အနီးကရွာတွေကို လက်နက်ကြီးတွေနဲ့ရမ်းပစ်တာ ၃ ယောက်လောက်ထိတယ်။ အမျိုးသားတစ်ဦးကတော့ ခြေထောက်ပြတ်သွားတယ်။ ထိခိုက်တဲ့သူတွေကလည်း ၅၀ ကျော် ၆၀ ဝန်းကျင်တွေပေါ့ မသွားနိုင်မလာနိုင်တဲ့အရွယ်တွေပေါ့” ဟု SNAKES EYES PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆိပ်ခွန်ကျေးရွာသည် ရွှေဘိုမြို့၏ အနောက်ဘက်ခြမ်းတွင်တည်ရှိပြီး ဆိုင်ကယ်ဖြင့်ခရီးနှင်လျှင် နာရီဝက်ခန့် ခရီးအကွာအဝေးရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button