တိုက်ပွဲသတင်း

ထီးချိုင့်မြို့လယ် ဘောလုံးကွင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ဦးသေဆုံး၊ ၅ဦး ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ၂ဦးထက်နည်း သေဆုံးပြီး ၅ဦးထက်နည်း ခြေပြတ်လက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် ထီးချိုင့်မြို့လယ် ဘောလုံးကွင်းတွင် စစ်အင်အား ၇၀ ခန့် အနားယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ ကြိုတင်စီစဉ်ထားသည့် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ တန်ပြန်ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦး ယခုလိုပြောဆိုသည်။

“သူတို့က ဘောလုံးကွင်းထဲမှာ နားနေကြတာ ထမင်းချက်စားဖို့လုပ်နေတဲ့အလောက်မှာ ကျွန်တော်တို့ ဘက်က ကြိုတင်မိုင်းနဲ့ မိုင်းဆွဲလိုက်တာ ကြောက်လန့်ပြီး ဘောလုံးကွင်းထဲ ရဲတွေကော အပါ ရမ်းသမ်းပစ်ခတ်ကြတာ။ အဲ့ချိန်မှာ မြို့နယ်လယ်ခေါင်ထဲ ဆိုက်ကားသမားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရယ်၊ အမျိုးသားတစ်ယောက်ရယ် အားလုံး ၃ယောက်ထိသွားတယ်။ ပြီးရင် စစ်သားတွေက ၂ယောက်လောက် သေတယ်။ ၅ယောက်လောက်က ခြေပြတ်လက်ပြတ်အထိ ဖြစ်သွားတယ်”ဟုပြောဆိုသည်။

ဘောလုံးကွင်းအတွင်း မိုင်းဆွဲခံရမှုအပြီး စစ်ကောင်စီဘက်မှ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်ဖြင့် ဆေးရုံကြီးဘက်သို့ပို့ဆောင်လိုက်ကြောင်း ဒေသခံများပြောပါသည်။

စစ်ကောင်စီဘက်မှ တန်ပြန်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် အရပ်သားပြည်သူ ၃ဦးမှာ အသက် ၄၀ နှစ်အရွယ်ရှိ ဆိုက်ကားသမားတစ်ဦး၊ မြို့တွင်းသွားလာရာမှ ထိခိုက်သွားသည့် အသက် ၅၀နှစ်အရွယ်ရှိကြသော အမျိုးသမီးနှင့် အမျိုးသားတို့ဖြစ်ကြပြီး ၎င်းတို့၏ ကျန်မားရေး အခြေအနေ စိုးရိမ်းရမှုရှိမရှိ ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပါသည်။

ထို့နောက် ပစ်ခတ်မှုဖြစ်ပွားသည့် ဘောလုံးကွင်းဘက်သို့ ဦးတည်ကာ စစ်ကူအဖြစ် ထီးချိုင့်ရဲစခန်းဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ထီးချိုင့်မြို့ သာယာကုန်းရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ်တွင် လက်နက်ကြီးကျမှန်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်၏ အုတ်နံရံများ ပြိုကျပျက်စီးသွားကြောင်း ဆက်လက်သိရသည်။

ယနေ့နံနက်ပိုင်း ထီးချိုင့်ဘောလုံးကွင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကစ္စနှင့်ပတ်သက်ပြီး မျက်မြင်သက်သေ ထီချိုင့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောပြသည်။

“စစ်သားတွေ မိုင်းဆွဲခံရပေမယ့် နေရာမရွေ့ဘူး ဘောလုံးကွင်းမှာဘဲ ဆက်ရှိနေသေးတယ်။ ဘောလုံးကွင်းကကျယ်တော့ မိုင်းဆွဲခံရတဲ့နေရာကနေ နည်းနည်းဖယ်လိုက်တာလောက်ပဲရှိတယ်။ စစ်သားတွေက စစ်ကြောင်းက ပြန်လာတိုင်းအမြဲ အဲ့နေရာမှာဘဲ လာနေကြတာ။ ဘောလုံးကွင်းမှာ ပစ်ခတ်မှုပြီးလို့ မြို့တွင်းမှာ လမ်းတွေပိတ် အဝင်အထွက်တွေ စစ်နေကြတယ်”ဟုပြောဆိုသည်။

ယခုလို ထီးချိုင့်မြို့တွင်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button