အင်တာဗျူး

အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ကလူငယ်တစ်ချို့ဘယ်လိုရုန်းကန်နေကြလဲ (ဆက်သွယ်မေးမြန်းချက်)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုတွေက အရင် ကထက် သိသိသာသာ လျော့နည်းလာနေတဲ့အပြင် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအတွက် လိုအပ်တဲ့ အချက်အလက်များ မျှဝေကူညီပေးနေတဲ့ အဖွဲ့အစည်း Trading economics ရဲ့ လူမူကွန်ယက်စာမျက်နှာနဲ့ဝဒ်ဆိုက်တွေမှာ ဒီနှစ် ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ဖြစ်လာတဲ့ သက်ရောက်မှုဟာ စီးပွားရေးတွေမှာ ရိုက်ခတ်မှုရှိလာခဲ့တာကြောင့် အလုပ်လက်မဲ့နှုန်းက ၂၀၂၂ ခုနှစ်ထက် မြင့်တက်နေတာဖြစ်ပါတယ်။

အလုပ်သမားတွေကို ဆွဲဆောင်နိုင်ဖို့ မြင့်မားတဲ့လစာနှုန်းမျိုး မပေးနိုင်တာဟာလည်း အလုပ်လက်မဲ့နှုန်းကို မြင့်တက်စေတာ ဖြစ်ပါတယ်။

ဒီလိုမျိုး အလုပ်လက်မဲ့ များလာပြီးတော့ အလုပ်အကိုင်ရှားပါးနေတဲ့ မြစ်ကြီးနားက လူငယ်အများစု လက်ရှိမှာ ဘာတွေလုပ်နေကြလဲ၊ ဘယ်လိုရုန်းကန်နေကြလဲဆိုတာကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။

မောင်သူရ ( မြစ်ကြီးနား လူငယ်)

“ခက်ခဲတာကတော့ ရတဲ့လစာနဲ့ ကုန်ဈေးနူန်းနဲ့ မမျှတာ၊ ကျွန်တော်တို့ဆီမှာရတဲ့ လစာနဲ့ စာဝတ်နေရေး အဆင်မပြေတော့ တခြားနိုင်ငံထွက်ပြီး အလုပ်လုပ်ကြရတယ်၊ သင်တန်းဖိုးတတ်နိုင်တဲ့သူတွေကတော့ သင်တန်းတက်ပြီးသွားကြတယ်၊ သင်တန်းဖိုး မတက်နိုင်တဲ့သူတွေကတော့ လောက်ကိုင်လိုနေရာတွေမှာ လမ်းစရိတ်ပဲကုန်ခံ ပြီးသွားလုပ်ကြတာများတယ်၊ ခုလိုချိန်မှာ ပေါလာတာကတော့ လောင်းကစားရုံနဲ့ ဘားပဲ”

ကိုဖောင်းဂျော်လွမ်းခေါင် ( ဝိုင်းမော် လူငယ်)

“ကျွန်တော်ဆိုရင် ကျောင်းနားထားတဲ့အတွက်ကြောင့်မို့ သင်တန်တက်ရင်း၊ဘောလုံးကန်ရင်းနဲ့ ဘဲ အချိန်တွေကုန်ဆုံးနေတယ်။ တစ်ချို့ သင်တန်းတက်ပြီး နိုင်ငံခြားတွေထွက်ကြတယ်၊ တစ်ချို့ကျတော့ အိမ်ကအခက်အခဲလေးတွေရှိတော့ ကျောင်း ဆက်မတက်တော့ဘဲ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်သွားလုပ်ကြတယ်၊ နိုင်ငံခြားထွက်တဲ့ လူငယ်တွေများလာတော့ ရပ်ရွာ၊ ဒေသ မြို့တွေမှာရော လူငယ်တွေ မရှိသလောက် နည်းပါလာတယ်။”

တုံတုံ ( မြစ်ကြီးနား လူငယ်)

“ကျွန်မကတော့ ကုန်စျေးနှုန်းရယ် ရတဲ့လစာရယ်က မကာမိတာရှိတယ်၊ ပိတ်ရက်မရှိပဲ လုပ်ရတဲ့အလုပ်ဆိုလဲ လူငယ်တွေက မကြိုက်ကြဘူးလေ၊ ဒီကတစ်ချို့စားရေးမ အလုပ်တွေဘာတွေဆို ပိတ်ရက်ကမရှိ ပိတ်ရက်မရှိလို့  သူများထက်လစာများလား ဆိုလဲမများဘူး၊ ကျောင်းတက် ရင်း လုပ်လို့ရတဲ့အလုပ်ကလဲမရှိပြန်ဘူး၊ အလုပ်လျှောက်ရင်ကျောင်း ကိစ္စကင်းရှင်းမှကြိုက်ကြတယ် အဲတာတွေကြောင့် လူငယ်တွေက အလုပ်မလုပ်ရဘူး”

ထောမ်းရှိန်ဇယ်ဝင်း ( ဝိုင်းမော်နယ်ခံ လူငယ်)

“အလိုမျိုးခေတ်မကောင်းတဲ့ကာလအတွင်းမှာ ငွေကြေး၊အလုပ်အကိုင်တွေကိုတွေက အရင်နှစ်တွေထက်ပိုပြီး ခက်ခဲရှားပါးလာပြီ၊ အလုပ်အကိုင်ရှိနေပြီးသားလူငယ်တွေတောင်မှ လစာတွေကအစအခက်အခဲတွေရှိလာပြီး တခြားအလုပ်တွေကိုပြောင်းလုပ်နေကြရတယ်၊ လူငယ်အများစုကလည်း နိုင်ငံခြားထွက်သွားတော့ ရပ်ရွာ၊ ဒေသမှာ လူငယ်တွေ မရှိလာသလောက်ဘဲ”

မောင်ဟိန်းသန့် ( မြစ်ကြီးနား လူငယ်)

“အခက်အခဲဆိုတာတော့လူတိုင်းမှာရှိတယ်၊ ငွေရေးကြေးရေး မိသားစုရေး လူမှုရေး အစစအရာရာပေါ့၊ အတန်းပညာတတ် လူငယ်တွေအတွက်ရော အသက်မွေးပညာတတ် လူငယ်တွေအတွက်ပါ ခုချိန်ခါမှာတော်တော်ကြီးကိုအလုပ်အကိုင် ရှားပါးလာတယ်။ လူကြီးတစ်ချိုရဲ့ နေရာမပေးတာတွေလည်း ခံရတယ်။”

ဆွတ်ရိန် (မိုးညှင်းနယ်ခံလူငယ်)

“အခုချိန်မှာ အလုပ်တစ်ခုရဖို့ဆိုတာ အရင်တုန်းက ကျောက်စိမ်းတစ်လုံးရသလိုဘဲ ခက်ခဲတယ်။ အခုလိုဖြစ်တော့ ကျနော်တို့လူငယ်တွေ အများစုက မှီခိုပြီးပြန်နေရပေမယ့် တစ်ချို့ကျတော့ ပြည်ပထွက်ပြီးတော့ အလုပ်အကိုင်ရှာနေတဲ့သူတွေကျနော်သူငယ်ချင်းတွေထဲမှာ တောင်အများကြီးဘဲ။ အဲဒါကြောင့် ပြည်ပကို အလုပ်ထွက်လုပ်သွားကြတော့ လူငယ်တွေအရမ်းနည်းသွားသလိုကို ဖြစ်လာတာပေါ့”

မြတ်နိုးခင် (ဖားကန့်ဒေသခံ လူငယ်)

“ဖားကန့်မှာ အခုလိုအချိန်လူငယ်တွေက ကျောက်ပွဲစားလုပ်ကြတယ်၊ Online Shop တွေလုပ်တယ်။ များသောအားဖြင့်က မြစ်ကြီးနားဘက်ကို ကျောင်းသွားတက်တယ်။ တစ်ချို့ကျတော့လည်း နိုင်ငံရေးကြောင့် PDF ထဲဝင်သွားတာတွေလည်းရှိတယ်”

Show More

Related Articles

Back to top button