သတင်း

စစ်ကောင်စီဖမ်းထားသော မြစ်ကြီးနား အာလမ် ဒေသခံ ၁၀ ဦး မလွတ်မြောက်သေး

မြစ်ကြီးနားမြို့အနီး အာလမ်ကျေးရွာအုပ်စု ဒွမ်ဂန် ရွာသား ၁၀ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားမှု ယနေ့ထိ မလွတ်မြောက်သေးကြောင်း ဒေသခံများပြောသည်။

ယမန်နေ့ နံနက် ၉ နာရီခန့် ဒွမ်ဂန်ကျေးရွာမှ ဒေသခံပြည်သူ ၉ ဦး နှင့်တကွ ကျေးရွာအုပ်ချူပ်ရေးမှူးကို စစ်ဆေးမေးမြန်းရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း အမည်မဖော်လိုသူ အာလမ် (Alam) ဒေသခံတစ်ဦး ပြောသည်။

မနေ့က မနက် သူတို့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ဘာကြောင့် ဘယ်လိုဖြစ်ပြီး ခေါ်သွားတယ်လည်းမသိဘူး။ ရွာသားတွေလည်း မစုံစမ်းရေးဘူး။ သူတို့က မနေ့ကပဲ ပြန်လွတ်ပေးမယ်ပြောတာ ခုထိမလွတ်လာသေးဘူး။ ရွာသူကြီးကိုတော့ တနင်္လာနေ့ကခေါ်သွားပြီ။ မနေ့ကတော့ ၉ ယောက်ပြန်ခေါ်သွားတယ်။ ရွာသားတွေလည်း အားလုံးကြောက်လန့်ကုန်တာ။” ဟု ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ရွာသား ၁၀ ဦးတွင် အမျိုးသမီး ၂ ဦးပါဝင်ပြီး အများစုမှာ အိမ်ထောင်သည် အမျိုးသားများဖြစ်ကြောင်း ပြောသည်။

စက်တင်ဘာ ၁၇ ရက်နေ့ မြစ်ဆုံ တန်ဖရဲကျေးရွာတွင်စခန်းချထားသော စစ်ကောင်စီအရာရှိ ၂ ဦး ကားအရှိန်ဖြင့်မောင်းလာစဉ် ဒွမ်ဂန်ရွာမှ အမျိုးသမီး ၂ ဦးကို ဝင်တိုက်ခဲ့ပြီးနောက် ရွာသားများနှင့် ၀ရုံးတုံးကားဖြစ်နေစဉ် အမည်မသိအဖွဲ့တစ်ဖွဲ့က ထိုအရာရှိ ၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၈ ရက်နေ့ စစ်ကောင်စီအင်အား ၁၀၀ ခန့် အာလမ်ကျေးရွာသို့ ရုတ်တရက်ဝင်လာပြီး တစ်ရွာလုံးဝင်မွေ စစ်ဆေးခဲ့သည့်အပြင် အပြစ်မဲ့ရွာသားတစ်ဦးကိုလည်း ပစ်သတ်ကာ မီးရှိုခဲ့သည်။

ထို့နောက် စက်တင်ဘာ ၁၉ ရက်နေ့ အုပ်ချူပ်ရေးမှူးကို ဖမ်းဆီးသွားပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် ရွာသား ၉ ဦးကို ထပ်မံ ဖမ်းဆီးသွားသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် အူဗစ်၊ အာလမ်၊ ဒွန်ဂန် ကျေးရွာတို့တွင် နေ့ည သေနတ်ခြောက်လန့် ပစ်ခတ်ကာ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးခဲ့ပြီး ပျောက်ဆုံးနေသော စစ်ကောင်စီ အရာရှိ ၂ ဦးကို မတွေ့မချင်း ရွာကို မီးရှုံ့မည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း သိရသည်။

အခုဖမ်းသွားတဲ့ ၁၀ ယောက်လည်း ဘယ်လိုပုံစံမျိုးနဲ့ ပြန်ပေါ်လာမလဲ ရင်တုန်ပြီး စိုးရိမ်နေကြရတယ်။ သူတို့က ရွာကိုလည်း ခြောက်ထားတယ်။ ဖမ်းခံထားရတဲ့ တန်ဖရဲက စခန်းမှူး ၂ ယောက်ကို မလွတ်ပေးရင် ရွာကို မီးရှုံ့မယ်လို့ ခြောက်ထားတယ်။ မနေ့ကမနက်ပဲ စစ်သားတွေ ပြန်သွားလိုက်ပေမဲ့ အခုက ရွာသားတွေအားလုံး ဘယ်ချိန်ပြန်ရောက်လာမလဲ အဲ့တာပဲ တွေးပြီး ကြောက်ရွံ့နေကြရတယ်။” ဟု၎င်းကပြောသည်။

စစ်ကောင်စီမှ ၎င်းတို့ အရာရှိ ၂ ဦးဖမ်းဆီးခံရပြီးနောက် အကြောင်းမဲ့ ရွာသားများအား ပစ်သတ်၊ ခြိမ်းခြောက် ၊ စစ်ဆေးပြီး ထိုသို့ဖမ်းဆီးမှုများ ပြုလုပ်ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ၁၅ မိုင်ခန့်အကွာရှိ ဆွမ်ပရာဘွမ်လမ်း အူဗစ် ၊ အာလမ်၊ ဒွမ်ဂန် ကျေးရွာများသည် တစ်ဆက်တည်းတည်ရှိပြီး စစ်ကောင်စီတပ်၏ စစ်ကြောင်းပုံမှန် ဖြတ်သန်းသွားလာနေသော နေရာလည်းဖြစ်သည်။

Related Articles

Back to top button