သတင်း

ဖမ်းဆီးခံထားသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီက ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေ

အင်းတော်မြို့တွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီမှ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း အင်းတော် ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့ အင်းတော် စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာစဉ် PDF အဖွဲ့ဖြစ်သည်ဟု စွပ်စွဲပြောဆိုပြီး ဖမ်းဆီးခံလိုက်ရပြီးနောက် ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ခန့်မှန်းငွေပမာဏ ၁၀ သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းနေသည်ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

စစ်တာကတော့ အရင်နေ့တွေလည်း စစ်တယ် ဖမ်းတာတွေမရှိခဲ့ဘူး။ မနေ့ကတော့ သူတို့မသင်္ကာတဲ့သူတွေကို အကုန်ဖမ်းလိုက်တာ။ အမျိုးသားတွေ ဆိုင်ကယ်နှစ်ယောက်စီးပြီး အင်္ကျီအနက်ရောင်ဝတ်ထားတဲ့သူတွေ စုတ်စုတ်ပြတ်ပြတ်ဝတ်ပြီး တောဘက်မှာ နေတယ် ထင်တဲ့ လူငယ်လေးတွေကိုဖမ်းလိုက်တာ။ ဒီနေ့ကြားတာက ပိုက်ဆံနဲ့ပြန်ရွေးခိုင်းမယ်တဲ့ ၁၀ သိန်းလို့တော့ပြောပေမယ့် ငွေပမာဏကိုအတည်ပြုလို့မရသေးဘူးဟုပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်၂၀ ဦးသည် အမျိုးသားများဖြစ်ပြီး ပိုက်ဆံဖြင့်ပြန်ရွေးခိုင်းနေသည်မှာ အတည်ပြုသော်လည်း ငွေပမာဏကိုမှု အတည်ပြုစုံစမ်းနေဆဲ ဖြစ်သည်။

ဖမ်းခံရသည့် လူငယ် ၂၀ ဦးတွင် အသက် ၂၀ ကျော်အရွယ်နှင့် အသက် ၃၀ ကျော်အရွယ်များပါဝင်ကာ CDM ကျောင်းဆရာတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆရာကို စစ်ကောင်စီတပ်က ပုဒ်မ ၅၀ ()ဖြင့် အမှုဖွင့်ထားပြီး ဖြစ်ကြောင်းသိရသည်။

ကျောင်းဆရာကတော့ ညီညီထွေး အသက်ကတော့ ၂၇ နှစ်ဟုတ်တယ်။ သူကတော့ရွေးခိုင်းတဲ့ထဲမပါဘူး ဥပဒေပုဒ်မ ၅၀ () နဲ့တရားစွဲထားတယ်။ သူ့ကိုတော့ အရမ်းရိုက်စစ်ထားတယ်တဲ့ဟု အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသည့် လူငယ်များကို အင်းတော်မြို့ ရဲအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့အထိ မိသားစုဝင်များနှင့်တွေ့ခွင့်မပေးသေးကြောင်း သိရသည်။

လက်ရှိ အင်းတော်မြို့တွင် စစ်ကောင်စီရဲနှင့်စစ်သားများပူးပေါင်းကာ မြို့တွင်းအသွားအလာပြုသည့် ပြည်သူများကိုတားစီး၍ ဆိုင်ကယ်၊ ကား၊ လက်ကိုင်ဖုန်းတို့ကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button