သတင်း

ဖားကန့်တွင် စစ်ကောင်စီ ရဲတပ်သား ၂ ဦးပျောက်ဆုံးနေသဖြင့် နေရာအနှံ့လိုက်ရှာနေ

ဖားကန့်မြို့တွင်း မြို့မရဲစခန်းမှ ရဲတပ်သား ၂ ဦး ပျောက်ဆုံးနေသဖြင့် ဖားကန့် စစ်ကောင်စီ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း ဒေသခံများထံမှသိရသည်။

ရဲတပ်သား ၂ဦးသည် နိုဝင်ဘာလ ၁၀ ရက်နေ့ ကတည်းမှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ပျောက်ဆုံနေသောကြောင့် စစ်ကောင်စီအဖွဲ့  မြို့တွင်း မြို့ပြင် လိုက်လံရှာဖွေနေသည်ဟု ဖားကန့် ငှက်ပျောတောရပ်ကွက်နေ အမျိုးသားတစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။

သူတို့က ရဲ ၂ ယောက်ပျောက်တယ်ဆိုလို့ မနေ့ကလည်း မရှီကထောင်ရယ် ငှက်ပျောတော ရပ်ကွက်မှာလိုက်ရှာကြတယ်။ အဓိကတော့ လူဝင်လူထွက်များမယ်လို့ ထင်တဲ့နေရာတွေမှာ လိုက်ရှာနေတာ။ အနှိပ့်ခန်းတွေပါမကျန်လိုက်ရှာကြတယ်ဟုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့ ၁ နာရီဝန်းကျင်မှ မရှီကထောင်၊ ငှကပျောတော ရပ်ကွက်နေရာများတွင် ဝင်ရောက်ရှာဖွေခဲ့ကြပြီး ည ၆နာရီနောက်ပိုင်းလည်း မြို့ပေါ်ရပ်ကွက်အတွင်းနေရာအနှံ့လိုက်လံရှာဖွေခဲ့ကြသည်ဟုသိရသည်။

မနေ့က ညပိုင်းတော့ ဖားကန့်မြို့ရဲ့ သံယောစဉ်လမ်းကြားက အိမ်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ရှာခဲ့ကြတယ်။ ပြီးရင် လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်တယ်ဟု ဖားကန့်မြို့တွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ထပ်မံပြောဆိုသည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့် ရဲတပ်သား ၂ ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကို အသေးစိတ်မသိရသေးပါ။

ယခုလို ရဲတပ်သား ၂ ဦးပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး မရှီကထောင်ရှိ အနှိပ့်ခန်းနေရာများတွင် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာတွင် အမျိုးသား ၂ ဦးဖမ်းဆီးခံလိုက်ရကြောင်းလည်း သတင်းအရင်းအမြစ်များပြောသည်။

ဖားကန့်မြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ ဖားကန့်မြို့နယ်ရဲစခန်းမှ နယ်ထိန်းတစ်ဦးပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့တွင်လည်း ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်တွင် ရဲမှူးကိုကိုလွင် နှင့် ရဲအုပ်တစ်ဦးတို့ ပစ်သတ်ခံခဲ့ရသည်။

ထို့အပြင် အောက်တိုဘာလ ၁၆ ရက်နေ့တွင်လည်း ဖားကန့် ကျောက်စိမ်းတောင်တံတား၌ ရဲ ၂ ဦးကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားသည့် ဖြစ်စဉ်ရှိခဲ့သည်။

Show More

Related Articles

Back to top button