သတင်း

KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများများမှတဆင့် နောက်ဆက်တွဲ ဖမ်းဆီးမှုများပြုလုပ်နေ

မြစ်ကြီးနားမြို့ KTV ဆိုင်တွင် ဖမ်းဆီးခံရသော KIO အရာရှိများမှတဆင့် အခြား ထပ်မံ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။

တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးပေါ်ရှိ Happy KTV  နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် စစ်ကောင်စီ အင်အား ၂၀ ခန့်သည် KIO အုပ်ချုပ်ရေးပိုင်း အရာရှိများ ပျော်ပါးနေသော အခန်းသို့ တိုက်ရိုက်ရောက်လာကာ စုစုပေါင်း ၁၆ ယောက်ကို ဖမ်းဆီးသွားပြီးနောက် အမျိုးသမီး ၃ ဦးကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်သည်။

ထိုအနက် KIO အရာရှိ ၁၃ ယောက် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့မှတဆင့် နေ့တွင်းချင်း နောက်ထပ် လူ ၁၀ ယောက်ကျော်လည်း ထပ်မံ ဖမ်းဆီးခံလိုက်ရသည်ဟု အမည်မဖော်လိုသူ KIA အရာရှိတချို့ထံမှ သိရသည်။

နောက်ဆက်တွဲလိုက်ပြီး ပြန်ဖမ်းတာက ည ၁၁ နာရီအထိပြန်လိုက်ကြတယ်။ သူတို့ဖုန်းကနေ Contact list ကိုကြည့်ပြီး ဖုန်းဆက်တာတွေ၊ ပြီးရင် ဖုန်းထဲကနံပါတ် ကိုကြည့်ပြီး ဒီတစ်ယောက်က ဘယ်မှာနေတယ်။ ဘယ်သူလဲ ဘာလုပ်တယ်ဆိုတဲ့ ဟာတွေမေးပြီး လူကိုယ်တိုင်ခေါ်လိုက်ပြခိုင်းပြီး အိမ်တိုင်ရာရောက် လိုက်ဖမ်း တာ။ လူ ၄၀ လို့ပြောကြတာက သိပ်မသေချာဘူး။ ၁၀ ယောက်ကျော် ပြန်ပါသွားတာက မှန်ပါတယ်။” ဟု အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ မြစ်ကြီးနားမြို့ ၊ ဝိုင်းမော်မြို့တွင် စစ်ကောင်စီတပ်များသည် အိမ်စီးကားများဖြင့် လျှောက်ပတ်သွားကာ နောက်ဆက်တွဲများကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။

ထို KTV ဆိုင်မှ တစ်ဆင့် KIO အရာရှိများ ဖမ်းဆီးခံရမှုမှာ ၂ ကြိမ်ထက်မနည်း ရှိခဲ့သေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီ ထောက်ခံသူများ၏ မီဒီယာ ပလက်ဖောင်းများမှတဆင့် နိုဝင်ဘာ ၁၄  ရက် ယနေ့ ပျံ့နှံ့လာသည့် ဖမ်းဆီးခံရသော KIO အရာရှိပုံများသည် ဖမ်းဆီးရမိသူအားလုံး မဟုတ်သေးကြောင်းလည်း KIA နှင့် နီးစပ်သူသော နောက်ထပ် ဒေသခံတစ်ဦးက KNG ကို ပြောသည်။

အခုဆက်ပြီး ဆက်တိုက်လိုက်ပြီး ဖမ်းဆီးသွားလိမ့်မယ်။ ဒါကြောင့် ရှိနေတဲ့သူတွေက အမြန်သာရှောင်ပေတော့။ ဒါကပိုပြီး ဆိုးရွားလာဖို့ပဲရှိတယ်။ KIA ဘက်ကလည်း အနန်ပါဖြစ်စဉ်ပြီးနောက် ဘယ်လိုမှတောင် မဆုံးဖြတ်နိုင်သေးတဲ့အချိန် ဒီလိုပြန်ဖြစ်တော့ မြစ်ကြီးနားတွင်းမှာတော့ နှစ်ဖက်စလုံး အခြေအနေတင်းမာလာလိမ့်မယ်။”  ဟု KIA နဲ့နီးစပ်သူ မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင် အခြားဒေသများထက် စစ်တပ်သတင်းပေး ပိုမိုများပြားပြီး စစ်တပ်သည် တော်လှန်ရေးအဖွဲ့များ၏ သတင်းရရှိရန် ငွေကြေးပမာဏ အများအပြား သုံးစွဲနေသည်ဟုလည်း KIA အသိုင်းအဝိုင်းက ပြောသည်။

KIO အရာရှိများသည် အခွန်ငွေကောက်ခံရန်သွားစဉ် ထောင်ခြောက်စဉ် ဖမ်းဆီးခံရမှုများရှိသလို အခြားသတင်းမထွက်ခဲ့သော ဖမ်းဆီးခံရမှုများလည်း ပြီးခဲ့သည့် လပိုင်းများတွင် ရှိခဲ့သည်ဟု KIA နီးစပ်သူများက ပြောသည်။

KIO အရာရှိများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG မှ ဆက်သွယ်မေးမြန်းရာတွင် တိကျသော သတင်းပေးပို့ချက်မရသေးကြောင်း KNG ကို ယနေ့ ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့ ဖားကန့် အနန့်ပါတွင် KIO အထိမ်းအမှတ်အကြိုနေ့ ဂီတဖျော်ပွဲကြီးပြုလုပ်နေစဉ် စစ်တပ်ဗုံးကြဲခဲ့ သောကြောင့် အသက်သေဆုံးခဲ့ရသည့် ပြည်သူ ၁၀၀ နီးပါးအဖို့ ဝမ်နည်းကြေကွဲရသည်မှာ ၃ ပတ်ခန့်သာရှိသေးချိန် ထိုသို့ KIO အရာရှိခေါင်းဆောင် များ ထပ်မံဖမ်းဆီးခံရခြင်းကြောင့် ကချင်အသိုင်းအဝိုင်းကြား ဝေဖန်ပြောဆိုမှု များစွာရှိနေသည်။

ဒီအချိန်ကအရမ်းသတိထားရမဲ့အချိန်ဖြစ်တယ်။ အထဲမှာရှိတဲ့သူတွေလည်း ကိုယ့်မျက်နှချင်းဆိုင်ရာလုပ်ငန်းကို ကြပ်ကြပ်မတ်မတ်လုပ်ဆောင်သင့်တယ်။ အပြင်ဘက်ရှိတဲ့သူလည်း ကောင်းမွန်စွာလုပ်ရမယ်။ အားလုံးက သတိထားရဖို့ ပဲလေ၊ စစ်တပ်ကိုမယုံဖို့ ဟို ပြီးခဲ့တဲ့ ၄ လလောက်တော့ အဲ့လောက်မဟုတ်ပေမဲ့ အခုတော့ မဟုတ်တော့ဘူး စစ်တပ်အတော်နေရာယူထားလိုက်ပြီ။ ဘာကြောင့်ဆို ကျနော်နဲ့ ချိတ်ဆက်ဖူးသမျှ KIO/KIA အရာရှိတွေထဲက အများပိုင်းတောင် ပါသွားတယ်လေ။ ဒါကြောင့် ခက်တယ်။ ပြောချင်တာက စစ်တပ်က မညံ့ဘူး။ ညံ့တာက ကျနော်တို့ပဲညံ့နေတယ်။ စစ်တပ်က စနစ်တကျလုပ်ငန်းလုပ်နေတာ တော်တော်ကြာပြီ။ဟု KIA နှင့် နီးစပ်သူ မြစ်ကြီးနား ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများသည် KIO အုပ်ချုပ်ရေးကျောင်း အပတ်စဉ် တူညီကြပြီး မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ် KIO အုပ်ချုပ်ရေးပိုင်းမှ အရာရှိများဖြစ်သည်ဟု သိရသည်။ ၎င်းတို့ကို လက်ရှိ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပမခ တွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကျောက်စိမ်းနှင့် သဘာဝ သယံဇာတပေါကြွယ်ဝသော ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ပေါ်တွင် ယမကာနှင့် သီချင်းသီဆိုနိုင်သော KTV အများအပြားရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button