ဖားကန့်မြို့တွင် စစ်ကောင်စီက သုံးရက်ဆက်တိုက် လမ်းသွား လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်

ဖားကန့်မြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများက မြို့တွင်း ၂ နေရာတွင် သုံးရက်ဆက်တိုက် လမ်းသွားလမ်းလာပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။
မြို့အဝင် ပန်းတင်တံတား နှင့် ဖားကန့်မြို့မရဲစခန်းရှေ့ တို့တွင် စစ်ကောင်စီရဲနှင့်စစ်သား ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။
”ဘာကိုရှာချင်တာလည်းမသိဘူး ဆက်တိုက်စစ်နေတာသုံးရက်ရှိပြီ အဲ့ပန်းတင်တံတားနဲ့ရဲစခန်းရှေ့ မှာစစ်တာ ၁၂ရက်နေ့ကတည်းကစစ်တာ။ ဒီနက်ထိပဲ လက်ကိုင်ဖုန်းတွေစစ်တယ် ဆိုင်ကယ်တူးဘောက် တွေပြီးတော့ကား အတွင်းခန်းတွေပါ အကုန်စစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီက ဤသို့စစ်ဆေးရာတွင် မနက် ၇ နာရီမှ မနက် ၁၀ နာရီခွဲအချိန်ခန့်ထိ တစ်ကြိမ်၊ ည ၂ နာရီနောက်ပိုင်းမှ ၃နာရီ ခွဲအချိန်ခန့်ထိတစ်ကြိမ် စစ်ဆေးလျက်ရှိပြီး အဆိုပါသုံးရက်တွင်း စစ်ဆေးမှုတွင် လူအဖမ်းခံရမှုနှင့် ယာဥ်အဖမ်းခံရမှုဖြစ်စဥ်မျိုး မရှိသေးကြောင်းလည်းသိရသည်။
ဖားကန့်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့က ဖားကန့်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးပျောက်ဆုံးသွားပြီးနောက် စစ်ကောင်စီရဲနှင့် စစ်သားများက ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်နှင့် ဖားကန့်မြို့တွင်းနေရာအချို့တွင် လူနေအိမ်များ၊ အနှိပ်ခန်း များစသည့်နေရာများတွင် ၂ရက်ဆက်တိုက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြောင်းလည်းသိရသည်။
အလားတူ ယခုရက်ပိုင်း ဖားကန့်မြို့တွင် စစ်ကောင်စီက လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ကားများလိုက်လံ ဖမ်းဆီးမည်ဟူသည့် သတင်းများ ဖားကန့် ပြည်သူကြားတွင် ပျံ့နှံ့နေသောကြောင့် မြို့တွင်းသွားလာမှု သိသိသာသာလျော့နည်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်း၊ ဆိုင်းတောင်၊ ဆန်းကြွယ်၊ ကံစီး အစရှိသည့်ကျေးရွာများတွင် ပြည်သူများ၏ အကာကွယ်ကိုယူကာ ကင်းပုန်းဝပ်နေထိုင်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများကို အောက်တိုဘာ ၂၃ ရက်နေ့ နောက်ပိုင်းမှစ၍ ယနေ့ထိ လှုပ်ရှားနေဆဲဖြစ်ကြောင်း ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
”သူတို့ ကင်းပုန်းဝတ်တာတွေညဘက် စစ်ကားတွေနဲ့ စစ်ရေးလှုပ်ရှားနေတာတွေကတော့ပုံမှန်ပဲဗျ။ ပြီးရင် ခုနောက်ပိုင်းက ညဘက်ညဘက်ဆိုရင် လက်နက်ကြီးတွေ ရမ်းသမ်းတာတွေရှိတယ်။ မနေ့ညလည်း ဖားကန့်ဗျူဟာကုန်းကနေပစ်တယ်။ ဟိုဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်လာမှာကိုကြောက်လို့ပဲ ရမ်းပစ်တာလားဘယ်လိုလည်းတော့မသိဘူး” ဟု အထက်ဖော်ပြပါ အမျိုးသားက ပြောသည်။
စစ်ကောင်စီသည် အောက်တိုဘာလ ၂၃ ရက်နေ့ ကအနန့်ပါ ကျေးရွာကိုလေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ပြီးနောက်ပိုင်း ဖားကန့် မြို့နယ်ကိုဆန်၊ စက်သုံးဆီဖြတ်တောက်ခြင်း၊ တစ်မြို့နယ်လုံးတွင်နေရာအနှံ့စစ်အင်အားဖြန့်တပ်ချထားခြင်း၊ မြို့တွင်း မြို့ပြင် အစစ်အဆေးများတင်းကြပ်ခြင်းတို့ကို ပိုမို လုပ်ဆောင်လာနေကြောင်းဒေသခံများထံမှသိရသည်။