သတင်း

စစ်ရေးတင်းမာမှုရှိနေသည့် အင်းတော် နှင့် ဖားကန့် ဝှေခါလမ်း KIA သွားလာခွင့်ပိတ်ထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနှင့် အင်းတော်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့်  ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပေါ်နေသည့်အတွက် ဝှေခါလမ်းပိုင်းကို KIA ဘက်မှ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

အင်းတော်နှင့် ဝှေခါလမ်းပိုင်းဘက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KIA PDF ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲများရှိနေသည့်အပြင် စစ်ကောင်စီဘက်မှ နေ့စဉ်အဆက်မပြတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများရှိနေသောကြောင့် ဝှေခါလမ်းပိုင်ကို KIA က နိုဝင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး သွားလာခွင့် ယာယီပိတ်ထားကြောင်း ဖားကန့် ဒေသခံတစ်ဦး KNG ကိုပြောသည်။

ဝှေခါလမ်းမှာသွားလို့မရဘူး ပိတ်ထားတယ် အခုက ၂ ဖက်တပ်စစ်ရေးတင်းမာနေတဲ့ အခြေအနေထားမှာရှိတယ်။  ခရီးသွားလာတာလည်းမရှိဘူး ဘယ်နှစ်ရက်နေ့အထိ ပိတ်တယ်ဆိုတာတော့မသိရဘူးဟုပြောဆိုသည်။

KIA က ဖားကန့် ဝှေခါ ကားလမ်းမကြီးကို သွားလာခွင့် ပိတ်ဆို့ထားခြင်းသည် တိုက်ပွဲဖြစ်ပေါ်လာပါက ခရီးသွားပြည်သူများကို ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ပိတ်ဆို့ထားသည်ဟုသိရသည်။

ဝှေခါကျေးရွာသည် ဖားကန့်မြို့နှင့် မိုင် ၂၀ ကျော်ခန့်ကွာရှိပြီး ဖားကန့် နှင့် အင်းတော်ကြီးကားလမ်းမကြီးပေါ်တွင် တည်ရှိသည့်နေရာဖြစ်သည်။

ယခုလို အင်းတော်နှင့် ဖားကန့် လမ်းကို KIA ဘက်က ပိတ်ဆို့လိုက်သည့်အပေါ်  အဆိုပါ လမ်းမကြီးကို အသုံးပြုနေသည့် ပြည်သူများအတွက် ရည်ရှည်တွင် အခက်အခဲများကြုံတွေ့လာနိုင်သည်ဟု ဖားကန့် အေးမြသာယာ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ယခုလိုပြောဆိုသည်။

ရေရှည်ပိတ်လိုက်ရင်တော့ ခက်ခဲလာနိုင်တယ် အခုပိတ်လိုက်တဲ့လမ်းတွေက ဖြတ်လမ်းလည်းဖြစ်နေတယ်။ ခရီးသွားပြည်သူတွေနဲ့ ကုန်စည်ကားတွေလည်း အဲ့လမ်းကို အသုံးပြုတာများတယ်။ နန့်ယားလမ်းဘက်လည်း စစ်တပ်ထိုင်ထားတယ် အခုဆိုစစ်ဆေးတာတွေအရမ်းတယ်ဟုပြောဆိုသည်။

ဖားကန့်မြို့နယ်အတွင်းသို့ ဝင်ရောက်ရန် အင်းတော်ဝှေခါကားလမ်းမကြီးနှင့် လဝါးနန့်ယားလမ်း ၂ခုဖြင့်သာ အသုံးပြုနိုင်ပြီး လက်ရှိ နန့်ယားကျေးရွာတွင်လည်း စစ်တပ်က သွားလာခွင့်များ တင်းကြပ်ထားခြင်းဖြစ်သည်။

Related Articles

Back to top button