အင်းတော်မြို့နယ်ရှိ အောက်တောရွာ နှင့် ပင်ဝေကျေးရွာကြား၊ ဗန်းမောက်မြို့အနောက်ဘက်ရှိ ဖောင်းပြင်ရွာ တို့ကို စစ်ကောင်စီတပ်က ယနေ့ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် တံတားဦးမှတက်လာသော ဂျက်လေယာဉ် ၂စီးသည် အင်းတော်မြို့မြောက်ဘက်ခြမ်းရှိ အောက်တောကျေးရွာနှင့် ပင်ဝေကျေးရွာကြားတောထဲတစ်နေရာနှင့် ဗန်းမောက်မြို့နယ် ဖောင်းပြင်ရွာကို ဂျက်လေယာဥ် နှစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။
”ဗုံးကတော့ ၄ လုံးကျဲသွားတယ် လေယာဥ်ကတော့၂ စီး အောက်တောနဲ့ပင်ဝေကြားမှာကျဲတာတိုက်ပွဲဖြစ်တာတော့မရှိဘူး အဲ့မှာ KIA နဲ့ PDF ရှိတယ်ထင်လို့လာကျဲတာနေမှာ ရွာတွေမရှိတော့ ထိခိုက်တာတော့မရှိဘူး” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် အဆိုပါဂျက်လေယာဉ်သည် အင်းတော်တွင် ဗုံးကျဲသွားပြီးနောက် တစ်ဆက်တည်း ဗန်းမောက်မြို့နယ် ဖောင်းပြင်ရွာဘက်ကိုလည်း ဗုံးကြဲချသွားကြောင်း ၎င်းကဆက်ပြောသည်။
စစ်ကောင်စီသည် အင်းတော်မြို့နှင့် နယ်နိမတ်ချင်းထိစပ်နေသည့် ကသာ ကောက်ကွေ့ချောင်းဖျားနှင့် ဗန်းမောက်နယ်ရှိ မံထုံကျေးရွာတို့ကိုလည်း နိုဝင်ဘာ ၁၆ရက်နေ့၊ ၂၀ရက်နေ့ နှင့် ၂၁ ရက်နေ့တို့တွင် လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
သို့သော် အဆိုပါဒေသများတွင် စစ်ကောင်စီတပ်က ဖုန်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် ထိခိုက်မှု အသေးစိတ်သိရန် ခက်ခဲနေဆဲဖြစ်သည်။