တိုက်ပွဲသတင်း

ဗန်းမောက်မြို့နယ် ကော်တာရွာကို စစ်တပ်က မီးရှို့ခဲ့

ဗန်းမောက်မြို့နယ် တောင်ပိုင်း ခမ်းဘတ်တောင်ခြေရှိ ကော်တာကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၆ ရက် ယမန်နေ့တွင် မီးရှို့ခဲ့သည်ဟု သိရသည်။

နံနက်ပိုင်း ၈ နာရီဝန်းကျင် အင်အား၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသကာကွယ်ရေးတပ်များရှိရာ ခမ်းဘတ်တောင်ပေါ်ကို စစ်ကြောင်းထွက်ခွာရာမှ ဒေသခံကာကွယ်ရေးတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နောက်ပြန်ဆုတ်ကာ ကော်တာရွာကို မီးရှို့သွားသည်ဟု ဒေသကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

သူတို့တက်လာတဲ့အချိန် ကျနော်တို့နဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပေါ့ နှစ်ဖက်လက်နက်ကြီးသုံးတာတွေအထိပေါ့ သူတို့ဘက်က အရေးနိမ့်တာနဲ့ ကော်တာရွာဘက်ကိုပြန်ဆုတ်လာတယ်။ ပြီးတော့ ပြည်သူ့နေအိမ်တွေမီးရှို့တာပေါ့။ ၁၂နာရီဝန်းကျင်လောက်မှာပေါ့” ဟု ပြောသည်။

အဆိုပါစစ်ကောင်စီ တပ်ဖွဲ့များသည် ကော်တာ ကျေးရွာကိုမီးရှို့ပြီးနောက် နေ့လည် ၂ နာရီအချိန်တွင် မံကပ်ကျေးရွာတွင် ညအိပ် တပ်ဆွဲခဲ့ပြီး ယနေ့နံနက်ပိုင်း နားမော်ကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

နားမော်ကျေးရွာနှင့် ခမ်းဘတ်တောင်သည် ၃ မိုင်ခန့်သာ ကွာဝေးကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရှိရသော်လည်း အထိနာခဲ့သဖြင့် ကော်တာကျေးရွာကို မီးရှို့ခြင်းဖြစ်ကြောင်း၊ ကော်တာကျေးရွာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခြင်း မရှိသေးတာကြောင့် နေအိမ်မည်မျှ ဆုံးရှုံးသည်ကိုအတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။

မီးရှို့ခံရသည့် ကော်တာကျေးရွာသည် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းတွင် တည်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုများအကြား စစ်ရေးတင်းမာနေပြီး မံပင်၊ မံကတ်၊ နားမော်၊ ကော်တာ စသည့်ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရှိရသည်။

Show More

Related Articles

Back to top button